မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီးမီးများထွန်းညှိပူဇော်
ပုသိမ် အောက်တိုဘာ ၇
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့)တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီးမီးများထွန်းညှိပူဇော်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအပါအဝင် ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများတွင် ဆီးမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းသိရပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများသည်လည်း ဘုရားဖူးလာပြည်သူများနှင့်အတူ ဆီမီး(၅၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီးအာရုံခံတန်စောင်းတွင် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့ပြီးနောက် စေတီတော်ရင်ပြင်တွင် ဆီမီး(၅၀၀၀)ထွန်းညှိပူဇော်ခဲ့ကြကာ စေတီတော်ကြီးအားလှည့်လည်ကြည်ညို၍ ဘုရားဖူးပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြသည်။ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ပုသိမ်မြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ရပ်ကွက်နေပြည်သူများမှ ဆီးမီးများထွန်းညှိပူဇော်ခြင်း၊ ဘုရားဖူးပြည်သူများမှ ကုသိုလ်ယူခြင်းများဆောင်ရွက်လျက်ရှိပြီး မြို့၏ထင်ရှားသောနေရာများသို့လည်း သွားလာလည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်းသိရှိရပြီး သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSMEပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများအား လာရောက်လေ့လာဝယ်ယူသူများ၊ နိုင်ငံကျော်တေးသံရှင်များ၏ တေးသီချင်းများဖြင့်ဖျော်ဖြေမှုများတွင်လည်း လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။