ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦတင်မောင်ဝင်း (၄၁)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားနှင့် မဟာပဝါရဏာပြုပွဲအခမ်းအနားတို့အား တက်ရောက်
ပုသိမ် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ ဦးမောင်ကြီးအာရုံခံ တန်ဆောင်းတွင်ပြုလုပ်သည့် ၁၃၈၇ခုနှစ်၊ (၄၁)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားကို“ နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်မှ ဦးဇေယျာလောကည(ဓမ္မာစရိယ)အရှင်သူမြတ်က မြတ်စွာဘုရားအားရှိခိုးပင့်လျှောက်ခဲ့ပြီး ဦးတေဇဝံသ(ဓမ္မာစရိယ)အရှင်သူမြတ်က နတ်ဗြဟ္မာများအားပင့်ဖိတ်ခဲ့သည်။ဆက်လက်၍ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ဘုရားကြီးက အဘိဓမ္မာအခါတော်နေ့အကြောင်း အကျဉ်းချုပ်ကို ဆက်လက်မြွက်ကြားသည်။
ထို့နောက် တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီးနှင့် ဘာဏကသံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြပြီးနောက် အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် နာယကဆရာတော်ဘုရားကြီးနှင့် ဘာဏကသံဃာတော်များက အဘိဓမ္မာ(၇)ကျမ်း ကောက်နှုတ်ချက်များကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်မှ ဦးဝိစာရ(ဓမ္မာစရိယ)အရှင်သူမြတ်က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင်ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မဟာပဝါရဏာပြုပွဲအခမ်းအနားအား တက်ရောက်ခဲ့သည်။ ဦးစွာ သံဃာတော်အရှင်သူမြတ်များမှ သိမ်တော်အတွင်း ပဝါရဏာပြုပွဲ ဆင်ယင်ကျင်းပတော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော် (၆၆)ပါးတို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြကြောင်းသိရသည်။