ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦတင်မောင်ဝင်းနှင့်ဇနီး ပုသိမ်မြို့၊ သဲအင်းဂူတရားပြကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ပုသိမ် အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သဲအင်းဂူတရားပြကျောင်းတိုက် ဦးစီးပဓာနနာယက သက်တော်ရှည် ရေဆွမ်း ဆရာတော် ဘဒ္ဒန္တသီဟ (မဟာကမ္မဋ္ဌာနာစရိယ)မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လပြည့်( အဘိဓမ္မာနေ့)၊ ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက် ပုသိမ်မြို့သာသနာ့ဗိမာန်တော်ကြီးတွင်ပြုလုပ်သည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြသည်။ ဦးစွာ ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ ကမ္ဘာအေးကျောင်းတိုက် ပဓာနနာယကဆရာတော်၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂါစာရ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက် တည်ခဲ့ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာဘဒ္ဒန္တဇောတိဿရ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

06-Oct-2025