ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် အားကစားကွင်းတွင်ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်သည် အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်နှီးမှု ခိုင်မာလာစေရေး၊ တက္ကသိုလ်များတစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုရှိစေရေး၊ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ဗလငါးတန် ပြည့်ဝစေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် တိုင်းဒေသကြီး ကိုယ်စားပြုမှသည် နိုင်ငံကိုယ်စားပြုအဆင့်ထိ ထူးချွန်ထက်မြက်သည့် ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်ပြိုင်ပွဲဝင် အသင်းများက အားကစား သမားများလာ အားကစားသမားကောင်းများ ပီသစွာ ဇွဲ စိတ်ဓါတ်ကို အရင်းခံပြီး ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ တက္ကသိုလ်များ (ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် သားတို့ သမီးတို့အနေဖြင့် ယခုပြိုင်ပွဲမှတဆင့် တက္ကသိုလ်များ လက်ရွေးစင်အဆင့် နိုင်ငံလက်ရွေးစင်အဆင့် ထိအောင် ဂုဏ်ဆောင်နိုင်ကြသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း ” တိုက်တွန်း ပြောကြားပြီး ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်များ (ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် အားကစားအဖွဲ့များက တိုင်း​ဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသည့် မအူပင်တက္ကသိုလ်အမျိုးသားဘောလုံးအသင်းနှင့် ဟင်္သာတတက္ကသိုလ်အမျိုးသားဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။တက္ကသိုလ်များ (ပုသိမ်ဇုန်) ဘောလုံးပြိုင်ပွဲတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်တွင်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပုသိမ်တက္ကသိုလ်၊ မအူပင်တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်များက အမျိုးသားအသင်း (၃)သင်း၊ အမျိုးသမီး အသင်း (၂) သင်းတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်းသိရသည်။

05-Oct-2025