ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSMEပြပွဲပြိုင်ပွဲ ဆုချီးမြှင်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ ဆုချီးမြှင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း၊ စားသောက်ကုန်များ တာရှည်ခံနိုင်ရေး တက္ကသိုလ်များနှင့် သုတေသန ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ဆားထုတ်လုပ်မှုအနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆားချော အထိရောက်အောင် ထုတ်လုပ်နိုင်ရေး ကြိုးစားကြရန်လိုကြောင်း၊ မိမိတို့တိုင်းဒေသကြီးမှ ထွက်ရှိသော MSMEထုတ်ကုန်များအား ထုတ်ပိုးမှုစနစ်သေသပ်ကောင်းမွန်မှု၊ သန့်ရှင်းလတ်ဆတ်မှု၊ အနံ့အရသာပြည်စုံမှု၊ ကျန်းမာရေးနှင့်အညီဖြစ်စေမှု၊ ရေရှည်ခံမှု၊ ဆန်းသစ်တီထွင်မှုများဖြင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်ဈေးကွက်သာမက ပြည်ပဈေးကွက်အထိတင်ပို့ နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အသေးစားထုတ်ကုန်အကောင်းဆုံးဆု၊ အငယ်စားထုတ်ကုန်အကောင်းဆုံးဆု၊ အလတ်စားထုတ်ကုန်ပူးတွဲအကောင်းဆုံးဆု၊ OROP ထုတ်ကုန်အကောင်းဆုံးဆု ရရှိသူများနှင့် မြို့နယ်အလိုက်ပြခန်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်ပြခန်းများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မြို့နယ်အလိုက်ပြခန်း စတုတ္ထဆု၊ ပဉ္မမဆုနှင့် နှစ်သိမ့်ဆုရရှိသည့်ပြခန်းများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက မြို့နယ်အလိုက်ပြခန်းနှစ်သိမ့်ဆုရရှိသည့်ပြခန်းများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

05-Oct-2025