ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ပုသိမ် အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားကို “ မြတ်ဆရာ ” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားသည်။ ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူးက ဖတ်ကြားခဲ့သည်။

ယင်းနောက် အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီးနောက် ပုသိမ်မြို့ AD Myanmar ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “လမ်းပြကြယ်” သီချင်းဖြင့် သီဆိုဖျော်ဖြေမှုကိုကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အဖြစ်ပြုလုပ်သည့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လူမှုရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

05-Oct-2025