ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်
ပုသိမ် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ်မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို တိုင်းဒေသကြီးချုပ်က “ တိုင်းဒေသကြီးအနေဖြင့်ဆီဖူလုံမှုရှိစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧကတိုချဲ့စိုက်ပျိုးရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင်ပဲပုပ်ဧက၁သိန်းလျာထားစိုက်ပျိုးလျက်ရှိပါကြောင်း၊ ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှစ၍ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ လက်လီ/လက်ကား အရောင်းကိုယ်စားလှယ် များသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စနစ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် တိုင်းဒေသကြီးအတွက် (၁)လ ဖြန့်ခွဲရရှိ သည့် စားအုန်းဆီတန်ချိန် (၃၆၀၀)ကို လက်ကား/ လက်လီ စာရင်းအမှန် နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊အရေအတွက်မှန်၊ အချင်အတွယ်နှင့်အရည်အသွေးမှန်စေရေးတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့က စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဖြန့်ခွဲရရှိစားအုန်းဆီများကို ပြည်သူများလက်ဝယ်အရောက်ရောက်ရှိစေရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စားအုန်းဆီ တင်သွင်းရာတွင် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ဈေးနှုန်းများဖြင့် သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ယခုအခါ Digital Platform အသုံးပြု Software စနစ်ဖြင့် ထိန်းကျောင်း ကြပ်မတ်နိုင်ရေးအတွက် Software အသုံးပြုခြင်း နည်းစနစ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာခရိုင်အလိုက် သင်တန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် Software စနစ်ဖြင့် ထိန်းကျောင်းခြင်းကို လက်ကားကိုယ်စားလှယ်များအားလုံး အသုံးပြုနေပြီဖြစ်သကဲ့သို့ များမကြာမီ ကာလမှာ လက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများသို့ ရောင်းချပေးမှုကို Software စနစ်ဖြင့်အသုံးပြုနိုင်ရေးကိုလည်း အမြန်ဆုံးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ Digital Platform စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများအားလုံးကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းနှင့် Digital Platform စနစ် ရေရှည်တည်တံ့ပြီး ပုံမှန်လည်ပတ်စေရေးအတွက်ကို တိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီ ရောင်းချပေးနေသည့် လက်ကား/ လက်လီကိုယ်စားလှယ် များမှလည်း အားလုံးပါဝင်လိုက်ပါ ဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် Capital Connect Limitedမှ တာဝန်ရှိသူတစ်ဦးက EOS Digital စနစ်ဖြင့် စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေးလုပ်ငန်းစဉ်များ၊ စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေး EOSစနစ်တွင် ပါဝင်သည့် စနစ်များနှင့်အသုံးပြုများကိုလည်းကောင်း၊ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက စားသုံးဆီများ သယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် GPS, CCTV စနစ်များ တပ်ဆင်စောင့်ကြည့် စစ်ဆေးမှုအခြေအနေအားလည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ် MCB မှ တာဝန်ရှိသူတစ်ဦးက စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအတွက် ဝန်ဆောင်မှုပေးအပ်နေမှုများအားလည်းကောင်း အသီးသီးရှင်းလင်းလင်းတင်ပြခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဆက်လက်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ(၃၀)ရက်နေ့မှ ကပ်ထားကြေညာလျက်ရှိပြီး ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မဲစာရင်းတွင်မပါဝင်ခြင်း၊ အချက်အလက်များမှားယွင်းခြင်းများဖြစ်ပေါ်ပါက သက်ဆိုင်ရာ ပုံစံများနှင့်အတူလျှောက်ထားစေရေးနှင့် မဲပေးခွင့်အခွင့်အရေးများဆုံးရှံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် မရှင်းလင်းသည်များရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများကို မေးမြန်းဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိသည့်နေရာများတွင် မဲပေးနိုင်ရေးအတွက်လည်း စနစ်တကျစီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ မဲစာရင်းများကပ်ထားကြေညာရာတွင်လည်း ရပ်ကွက်အလိုက်၊ လမ်းအလိုက် အညွှန်းများဖြင့် စနစ်တကျဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် မဲစာရင်းလာရောက်ကြည့်ရှုရာတွင် အလွယ်တကူ ရှာဖွေနိုင်စေရေး ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ အခြားသောဒေသများမှ လာရောက်တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းများနှင့် အခြားဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းများ အချိန်မီမဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးက စနစ်တကျစီမံဆောင်ရွက်မှသာ မဲပေးခွင့်ရှိသူအားလုံးပါဝင်မည်ဖြစ်ပါကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင်ပါဝင်သည့် ဌာနဆိုင်ရာများကလည်း အသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။