ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့တက်ရောက်

ပုသိမ် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“သက်ကြီးပုဂ္ဂိုလ်များ၏ဘဝပိုမိုသာယာစိုပြည်စေရေး၊ စိုးရိမ်သောက များကင်းဝေးစေရေးအတွက် မိသားစုတွင် တန်ဖိုးရှိစွာဖြင့် ဦးဆောင်ပါဝင်နိုင်စေရေး ရည်ရွယ်ပြီး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့၏ ဆောင်ပုဒ်ကို “ ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများဦးဆောင်ပါဝင်ပေး" “ Older Persons Driving Local and Global Action: Our Aspirations, Our Well - Being, Our Rights " ထားရှိပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ ရင့်ကျက်တည်ငြိမ်သော သဘောထားအမြင်၊ တွေ့ကြုံခဲ့ရသော အတွေ့အကြုံကောင်းများကိုအခြေခံပြီး ချမ်းသာသုခပြည့်ဝစေလိုသော စေတနာဖြင့် ဆောင်ရွက် ပေးနိုင်သော လုပ်ပိုင်ခွင့်များ ဖန်တီးဆောင်ရွက်ပေးကာ မိမိမိသားစုဝင်များနှင့် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွက် ဦးဆောင်ဦးရွက်ပြုနိုင်စေရေး ရည်ရွယ်ချမှတ်ခဲ့သည့် ဆောင်ပုဒ်ဖြစ်၍ လက်တွေအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး အစိုးရဌာနဆိုင်ရာများ အပါအဝင် လူငယ်လူရွယ်များအားလုံးကို တိုက်တွန်းပြောကြားလိုပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ အပါအဝင် လူသားအားလုံး၏ ဂုဏ်သိက္ခာနှင့် အညီခံစားခွင့်ရှိသည့်အခွင့်အရေးများကို အသိအမှတ် ပြုခြင်း သည် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သက်ကြီးပုဂ္ဂိုလ်များ၏ နိုင်ငံတော်တာဝန်များကို ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းကို အနာဂတ် နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်သစ် လူငယ်များအနေဖြင့်လေးစားတန်ဖိုးထားပြီး သက်ကြီးပုဂ္ဂိုလ်များရဲ့အခွင့်အရေးများကို အသိအမှတ်ပြုဖော်ဆောင်ပေးခြင်း၊ လေးစားစွာဆက်ဆံ ပေးခြင်း၊ ပြုစုစောင့်ရှောက်မှုပေးခြင်းများကို လုပ်ဆောင်ပေးကြရန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်သည့် ဘိုးဘွားများအရေးကို မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထည့်သွင်း ဆောင်ရွက်ပေးကြရန်နှင့် ဘိုးဘွားများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေသူ ဘိုးဘွားရိပ်သာတာဝန်ခံများနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့မလွှဲမသွေ ကြုံတွေ့ရမည့် လူ့ဘဝ ဆည်းဆာချိန်ရောက်ရှိနေသော ဘိုးဘွားများကို ကိုယ်ချင်းစာစိတ်ထားပြီး ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပြုစုစောင့်ရှောက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကို လေးစားထိုက် ဂုဏ်ပြုထိုက်သူများအဖြစ် တန်ဖိုးထားပြီး ဒီလိုအခမ်းအနားကျင်းပပေးရုံ သက်သက် မဟုတ်ဘဲ သက်ကြီးပုဂ္ဂိုလ်များရဲ့ဘဝ လုံခြုံမှုရှိစေရေး၊ ယင်းတို့၏ လုပ်ကိုင်နိုင်သော စွမ်းအားကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများမှာ အသုံးပြုနိုင်ရန်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး များကို ဆောင်ရွက်သွားကြဖို့နဲ့ ယနေ့အခမ်းအနားသို့ကြွရောက် ချီးမြှင့်ပေးသည့်ဂုဏ်ပြုခံ သက်ကြီးပုဂ္ဂိုလ်များနဲ့တကွ တိုင်းဒေသကြီးအတွင်း၌ရှိသည့် သက်ကြီးပုဂ္ဂိုလ် များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည်စုံကြပါစေကြောင်း” ဆုမွန်တောင်းစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ဘိုးဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ကန်တော့ငွေ၊ လှူဒါန်း ပစ္စည်းများဖြင့်ကန်တော့ခဲ့ကြသည်။ ယင်းနောက် ခရိုင်အဆင့် အသက်ကြီးဆုံးဘိုးဘွားများနှင့် ဘိုးဘွားရိပ်သာများအတွက် ငွေပဒေသာပင်နှင့်အလှူငွေများ ဆက်လက်လှူဒါန်း ပေးအပ်ခဲ့ကာ ပူဇော်ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)အား အသိပညာခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ပုသိမ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မဲပေးစက် အသုံးပြုနည်းနှင့် မဲပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများက မြန်မာအီလက်ထရောနစ်မဲပေးစက်( MEVM)အားအသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှု များကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ပုသိမ်မြို့ပေါ်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စက်တင်ဘာလ ၃၀ရက်နေ့နံနက်ပိုင်းမှစတင် ကပ်ထားပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများလာရောက်ကြည့်ရှုနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မဲစာရင်းတွင်မပါဝင်ခြင်း၊ အချက်အလက်များမှားယွင်းခြင်းများဖြစ်ပေါ်ပါက သက်ဆိုင်ရာ ပုံစံများနှင့်အတူလျှောက်ထားစေရေးနှင့် မဲပေးခွင့်အခွင့်အရေးများဆုံးရှံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

01-Oct-2025