ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲသို့တက်ရောက်
ပုသိမ် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ နှစ်စဉ်တောင်သူလယ်သမားနေ့ရောက်တိုင်း မိုးစပါးအပါအဝင် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ တောင်သူများနှင့် ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပေါ်ဆန်းဖိုရမ်ပြုလုပ်၍လည်း ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်း ထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ သီးနှံများနှင့်ပတ်သက်၍ ပိုးသတ်ဆေးသုံးစွဲရာတွင် ပိုးသတ်ဆေး သုံးစွဲရမည့်အညွှန်းများအတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည်ဖော်ဆောင်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း(၄)သွယ်ဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုအပ်ပြီး စနစ်တကျလယ်ယာမြေများ၊ အဆင့်မြင့်လယ်ယာမြေများ ဖော်ထုတ်၍ Export Zone အား စံနမူနာပြဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်သည့်စိုက်ပျိုးရေးထုတ်ကုန်များသည် အစားအစာဘေးအန္တရာယ် ကင်းရှင်းခြင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းစသည့် သီးနှံများကိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် အရေးကြီးပါကြောင်း၊ တက်ရောက်လာကြသည့် ပညာရှင်များ၊ တောင်သူများ၊ စိုက်ပျိုးရေးသွင်း အားစုရောင်းချသည့် အရောင်းကုမ္ပဏီများ၊ အရောင်းဆိုင်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ကုန်သွယ်မှုပြုနေသူများ၊ ပြည်ပသို့ တင်ပို့ရောင်းချနေသူများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများမှ အကြေအလည်ဆွေးနွေးကြပြီး ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန်” အမှာစကားပြောကြားခဲ့သည်။