၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့်လုပ်ငန်းများအတွက် တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေရှင်းလင်းတင်ပြခြင်းအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ပုသိမ် စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ် သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့်လုပ်ငန်းများအတွက် တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ချထားပေးသည့် အဆောက်အဦများကို တာဝန်ယူဆောက်လုပ်ရာတွင် ဆောက်လုပ်သည့်ကုမ္ပဏီများ အနေဖြင့် အရည်အသွေး အကောင်းဆုံးဖြစ်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် လိုပါကြောင်း၊ မိုးနည်းပါးလာသည်ဖြစ်သဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရာသီ ဥတု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရန်အခက်အခဲများရှိပါက အချိန်မီတင်ပြရန်လိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက မိမိတို့မြို့နယ်အတွင်းဆောက်လုပ်နေသည့် ကျောင်းများနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် တာဝန်ယူဆောက်လုပ်ရသည့်ကုမ္ပဏီများအနေဖြင့် အဆောက်အဦ များအား အရည်အသွေးကောင်းကောင်းဖြင့် အချိန်မီတည်ဆောက်သွားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။