ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့၊ တံတားအထူးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခင်နှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများကြောင့် လမ်းတံတားပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အချိန်မီဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုနှစ်တွင်လည်း မိုးရွာ သွန်းမှုများပြားသည့်အတွက် မိုးတွင်းကာလမှာပင် လမ်းပိုင်းများကြံ့ခိုင်အောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေရပါကြောင်း၊ ပွင့်လင်းရာသီကိုရောက်ရှိတော့မည်ဖြစ်၍ ခရီးသွားရာသီစတင် တော့မည် ဖြစ်ရာ လမ်း/ တံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအင်အား၊ စက်အင်အားများဖြင့် အင်ပြည့်အားပြည့် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ တံတားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ကြံ့ခိုင်မှု အားကောင်းစေရေး၊ ချဉ်းကပ်လမ်းများစနစ်တကျရှိစေရေး အလေးထားဆောင်ရွက် သွားရန်လိုပါကြောင်း၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရေစီးရေလာကောင်းမွန်စေရေးနှင့် မြေယာ ရှုခင်းများဖြင့် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်းလိုအပ်မည်ဖြစ်ပါ ကြောင်း၊ လမ်း/ တံတား လုပ်ငန်းများဆောင်ရွက်ရာတွင် ရရှိသည့်ရန်ပုံငွေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်သွားရန်လိုပါကြောင်း” အမှာစကား ပြောကြားသည်။ ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လမ်း/တံတားလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။