ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းအားတွေ့ဆုံအားပေး
ပုသိမ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းသို့သွားရောက်၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား တွေ့ဆုံအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးအသင်း၏ လေ့ကျင့်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြရန်၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ရန်၊ စခန်းသွင်း လေ့ကျင့် နေစဉ်ကာလအတွင်း ညီညီညွတ်ညွတ် စုစုစည်းစည်းနေထိုင်ကြရန်၊ နည်းပြများ၏ သင်ကြားပြသမှု များကို အကောင်းဆုံးလိုက်နာလေ့ကျင့်ကြရန်နှင့် ကျန်းမာရေးဂရုစိုက်ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ်၊ စံပယ် ဆောင်သို့သွားရောက်၍ ၂၀၂၅ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေသည့် ပြိုင်ပွဲဝင်များအား ညနေစာ ကျွေးမွေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသောအစားအသောက်များဖြစ်စေရေး အာဟာရ ပြည့်ဝစေရေးနှင့် ကျန်းမာရေးနှင့်အညီဖြစ်စေရေး ချက်ပြုတ်ပြင်ဆင်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြကန်သာခန်းမတွင် ၂၀၂၅ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် အဆင့်မြင့်ပညာ (အမျိုးသား) အိုးစည်အဖွဲ့လိုက်၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား) ဒိုးပတ်အဖွဲ့လိုက်၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသမီး) မဟာဂီတ၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား) တယော၊ အခြေခံပညာ(၁၀-၁၅) (အမျိုးသား) ဂီတာ၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသမီး) မယ်ဒလင်၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသား) စန္ဒယား၊ အခြေခံပညာ(၁၀-၁၅) (အမျိုးသမီး) (ကဗျာလွတ်)အဖွဲ့လိုက်၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသား) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်တို့၏ လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ ကြောင်းသိရသည်။