ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှပြုလုပ်သည့် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာရပ်လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့တက်ရောက်
ပုသိမ် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ မြို့တော်ခန်းမတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှပြုလုပ်သည့် တိုင်းရင်းသားရေးရာ အသိပညာ ပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာရပ်လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေ (၈၄)ရာခိုင်နှုန်းကျော်ခန့်ရှိရာ ကျေးလက်နေလူဦးရေများပြားပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးမှုအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနွေစပါး (၅၂)သိန်းကျော်နှင့် ပဲမျိုးစုံ(၁၆)သိန်းကျော်အား စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့်အပြင် ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁) သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် အဓိကသီးနှံ(၁၀)မျိုးအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး သီးနှံ (၃)မျိုးအပါအဝင် အဓိကသီးနှံ (၁၃)မျိုး စိုက်ပျိုးရန်နှင့် အဓိကသီးနှံ (၁၃)မျိုး အပြည့်မစိုက်ပျိုး နိုင်သော နေရာများတွင် (၁၃)မျိုးပြည့်မီရန်လိုအပ်သော သီးနှံများကို အစားထိုးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန် အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့် ဝန်ထမ်းဦးရေအား ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများ မှဘွဲ့ရရှိသူများအပြင်စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းအောင်မြင်သူများကိုလည်းအလုပ်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကျန်ကဏ္ဍများကိုလည်း အားလုံးတပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့်လည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ ကိုဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရန်နှင့် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်အောင် တိုင်းရင်းသားအားလုံး တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး မြန်မာ- အနောက်ပိုး-စကောကရင်ကရင် သင်ကြားရေးအထောက်အကူပြု စကားပြောစာအုပ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စပါးသီးနှံ အတန်းလိုက်စနစ်တကျစိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် Drum Seeder ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တောင်သူများအား Drum Seeder များပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့၊ နတ်ပေးကျေးရွာအုပ်စု၊ စိန်ဘုရားစုကျေးရွာရှိ ထူးဇေအောင် အဆင့်မြင့်ဆန်စက်သို့ သွားရောက်၍ တောင်သူများစပါးလာရောက်ရောင်းချနေမှုများကို ကြည့်ရှုအားပေးပြီးနောက် စပါးအခြောက်ခံစက်ဖြင့် စပါးအစိုများ အခြောက်ခံနေမှုကို ကြည့်ရှုခဲ့ပြီး ဆန်စက်မှ တာဝန်ရှိသူတစ်ဦးက စပါးအစိုတိုင်းစက်ဖြင့် အစိုဓါတ်တိုင်းတာခြင်း၊ စပါးဝယ်ယူသည့်ဈေးနှုန်းနှင့် တောင်သူများမှ လာရောက်ရောင်းချသည့် စပါးမျိုးတူများ ကိုစုစည်းပြီး စပါးအခြောက်ခံစက်ဖြင့် အခြောက်ခံမှု အခြေအနေများ ကိုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများ အကျိုးအမြတ်ရှိစေမည့် သင့်တင့်သော စပါးဈေးနှုန်းဖြင့် ဝယ်ယူပေးရေး မှာကြားခဲ့ကြောင်းသိရသည်။