ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ခုနှစ်(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်များ၏ စခန်းသွင်းလေ့ကျင့်နေမှုများနှင့် ပုသိမ်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေး
ပုသိမ် စက်တင်ဘာ ၂၁
၂၀၂၅ခုနှစ်(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်များ၏ စခန်းသွင်းလေ့ကျင့်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ခုနှစ်၊ (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပုသိမ်တက္ကသိုလ်တွင် စခန်းသွင်းလေ့ကျင့်နေသည့် အခြေခံပညာ (၁၀-၁၅) (အမျိုးသား)၊ (အမျိုးသမီး) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် လေ့ကျင့်နေမှုအားလည်းကောင်း၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသမီး) စောင်း၊ အဆင့်မြင့်ပညာ အမျိုးသား ဂီတာ၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) ဂီတာ၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား) တယော၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား) တစ်ဦးချင်းအက၊ အခြေခံပညာ(၁၀-၁၅) (အမျိုးသမီး) မဟာဂီတလေ့ကျင့်မှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး အဆင့်မီမီပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၉)ရပ်ကွက်ရှိ ဓမ္မဝါစီ ဓမ္မာရုံကြီးနှင့် အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်နေပြည်သူများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ မသန်စွမ်းအသက်(၁၈)နှစ်ပြည့်ပြီးသူများ အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် ပြည်သူတစ်ဦးချင်းစီ၏ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။