ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တာဝန်ရှိသူများအနေဖြင့် နှစ်ပတ်တစ်ကြိမ်ကွင်းဆင်း၍ မြေပြင်လူဉီးရေစာရင်းမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အသက် (၁၈)နှစ်ပြည့်ပြီးလူဦးရေ ၃၆သိန်း ၆သောင်းကျော်ရှိပါကြောင်းနှင့် ၎င်းလူဦးရေစာရင်းကို အခြေခံ၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပြစ်မှုပြစ်ဒဏ်ခံနေရသူများ၊ သာသနာ့ဘောင်ဝင်ရောက်သူများကို တိုက်ဆိုင်စစ်ဆေးရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်များအနေဖြင့် မဲပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်များမရှိပါက မဲပေးနိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများလက်ဝယ်ရောက်ရှိရန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်းထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲပုတ်၊ ပဲကြီး ရောနှော၍ ဧက(၁)သိန်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုအများဆုံး တိုင်းဒေသကြီး ဖြစ်ပြီး အခြေခံပညာကျောင်း (၇)ထောင်ကျော်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် Export Zoneများ ဖော်ဆောင်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားတစ်ဦးတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်များအား ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုများ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်မှုများနှင့် မသန်စွမ်းအသက်(၁၈)နှစ်ပြည့်ပြီးသူများကိုလည်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး အတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

20-Sep-2025