တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများကို အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီး၌ သစ်ပါးလွှာ၊ အထပ်သားမျိုးစုံ၊ သစ်ခွဲသားများ ထုတ်လုပ်ခြင်းလုပ်ငန်းကို လာရောက်ရင်းနှီးမြှုပ်နှံသည့်အတွက် ကုမ္ပဏီများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရင်းနှီးမြုပ်နှံသူများအနေဖြင့်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် ကုမ္ပဏီမှ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် သစ်ပါးလွှာ၊ အထပ်သားမျိုးစုံ၊ Finger Joint Board၊ ပရိဘောဂ၊ Wood Chip၊ Wood Base Plannerနှင့် သစ်ခွဲသားများ ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ကုမ္ပဏီအမည်ပြောင်း လျှောက်ထားမှုကို ရှင်းလင်းတင်ပြခြင်းနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။