ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရတနာစာသင်ဆောင်ခန်းမတွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား တက်ရောက်
ပုသိမ် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရတနာစာသင်ဆောင်ခန်းမတွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ်အတွင်း (၂၁၀ပေ x ၁၀၆ပေ) RC ၃ထပ်ပင်မကျောင်းဆောင်၊ (၁၂၀ပေ × ၅၀ပေ) RC ၁ထပ်ခွဲဘွဲ့နှင်းသဘင်ခန်းမနှင့် (၁၄၀ပေ x ၆၀ပေ) RC၂ထပ် စားရိပ်သာတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အရည်အသွေးပြည့်မီရေးအပြင် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် လူအင်အား၊ စက်အင်အားဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ဆက်လက် တက်ရောက်ခဲ့ရာ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက “ပွင့်ဖူးဝေဆာ ကျောင်းသီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို
(က) နိုင်ငံ၏ ရေမြေသဘာဝရင်းမြစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်၊ သမိုင်းကြောင်းနောက်ခံများကို သိရှိနားလည်၍ တိုင်းရင်းသား အချင်းချင်း ရင်းနှီးချစ်ကြည်စွာ နေထိုင်လိုစိတ်များ ရင့်သန်လာမည်။
(ခ) လူမှုကျင့်ဝတ်နှင့်အညီ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ အခွင့်အရေးနှင့် တာဝန်များကို သိရှိလိုက်နာကျင့်သုံးနိုင်မည်။
(ဂ) လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများဖြစ်သည့် ဆက်သွယ်ပြောဆိုခြင်း (Communication)၊ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာ ဖြေရှင်းခြင်း (Critical Thinking and Problem Solving) ၊ တီထွင်ဖန်တီးခြင်း(Creativity and Innovation)၊ နိုင်ငံ့သားကောင်း ဖြစ်ခြင်း (Citizenship) စသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုကို ရရှိနိုင်မည်။
(ဃ) ကမ္ဘာ့နိုင်ငံသားကောင်းများ၏အရည်အသွေးများကိုလည်းသိရှိနားလည် နိုင်မည်။
(င) နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာနိုင်မည်။
(စ) ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ရရှိနိုင်မည်
စသည့် ရည်ရွယ်ချက် တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းများဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး အနာဂတ်တွင်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ်များကို ဗလငါးတန်နှင့်ပြည့်စုံအောင် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်များစွာအရေးပါပြီး လိုအပ်သည့် နေရာ များကို ဖြည့်ဆည်းပေးနေခြင်းလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်ရာတွင် တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိပါကြောင်း၊ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဘာသာစာပေသင် ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီး၏ပညာရေးကဏ္ဍနှင့် တိုင်းရင်းသားများ၏ ပညာသင်ကြားနိုင်မှုအခွင့်အလမ်းများ ပိုမိုတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းနှင့် နိုင်ငံ့အကျိုးပြု သားကောင်းရတနာများဖြစ်အောင် မွေးထုတ်ပေးနိုင်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ” အမှာစကားများပြောကြားပြီး တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။
မြောင်းမြပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို ယခုလ ၁ရက်နေ့မှ ၁၂ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ(၁၂၀)ဦးတက်ရောက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ ဦးဘချိုလမ်း၌ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည် များ အား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ ကွယ်လွယ်ကျေးရွာ၊ မြောင်းမြစက်မှုဇုန်ရှိ မနောသုခဆန်စက်သို့သွားရောက်၍ တောင်သူများစပါးလာရောက်ရောင်းချနေမှုများကို ကြည့်ရှုအားပေးပြီး ဆန်စက်လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေး၊ Export Zone ဖော်ဆောင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒီဧရာ စက်မှုလက်မှုအလုပ်ရုံသို့သွားရောက်၍ မျိုးစေ့ချကိရိယာ( Drum Seeder)များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူမှ Drum Seeder ထုတ်လုပ်ရာတွင် အသုံးပြုမည့် ပလတ်စတစ်ဘီး၊ ပလတ်စတစ်ဘူး၊ ပလတ်စတစ်ဆွဲကွင်းနမူနာ၊ သံဆွဲကွင်း၊ Iron/ Steel Hollow Shaft များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သည့်မျိုးစေ့ချကိရိယာ(Drum Seeder)များထုပ်လုပ်နိုင်ရေးမှာကြားခဲ့ပြီး စမ်းသပ်စိုက်ခင်းတွင် မျိုးစေ့ချကိရိယာ( Drum Seeder)ဖြင့် စမ်းသပ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ သော်ကရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွှေခယ်ဝတီကုမ္ပဏီ ရွှေလင်းယုန် ပေါင်းဆန်စက် (တန် ၁၀၀)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးစပါးဝယ်ယူမှု၊ ဆန်စပါးကြိတ်ခွဲမှု၊ ပေါင်းဆန်ထုတ်လုပ် တင်ပို့ရောင်းချမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အ သွေး ကောင်းသော ပေါင်းဆန်များ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး၊ နှစ်အလိုက်တင်ပို့မှုတန်ချိန်များကို စနစ်တကျမှတ်တမ်းတင်ထားရှိရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။