ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြမြို့တွင်ပြုလုပ်သည့် “ဦးဘချို”စာကြည်တိုက် ဖွင့်ပွဲနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (မြောင်းမြမြို့နယ်) ရုံးဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ဖွင့်လှစ်
ပုသိမ် စက်တင်ဘာ ၁၀
မြန်မာနိုင်ငံစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ မတည်ငွေ သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေ သိန်း(၆၈၀)၊ စုစုပေါင်းသိန်း(၈၃ဝ) ဖြင့် ဆောက်လုပ်သည့် “ဦးဘချို” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြိုင်မာလာ(၁)လမ်းရှိ အဆိုပါစာကြည့်တိုက်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် “ဦးဘချို” စာကြည့်တိုက်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် စာကြည့်တိုက်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကစာအုပ်စာစောင်များ၊ MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းကို လှူဒါန်းပေးအပ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွန်းပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Badminton Asia Regional Championships 2025 (Southeast Asia) Mixed Team & Individual Event ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကြက်တောင်အားကစားသမား အားဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် ဦးဘချို" စာကြည့်တိုက်အတွက် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက သုတ၊ ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ အလှူရှင်တစ်ဦးက Water Cooler နှင့် ပန်ကာများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၊ မြကန်သာရပ်ကွက်၊ ရုံးပေါင်းစုံလမ်းရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး (မြောင်းမြမြို့နယ်)ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မင်္ဂလာဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပက်ဖြန်းပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာရုံးသစ်အားလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားချောင်းရပ်၊ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မှ စာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းနှင့် အာဟာရ ကျွေးမွေးခြင်းများအားကြည့်ရှုအား ပေးခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပြီး နောက် ကျောင်းသားေကျာင်းသူများအား အာဟာရကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။