ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ NGO/INGO များနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာ နှစ်စဉ် ဇူလိုင်လ (၃)ရက်နေ့သည့် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ စတင်ပေါ်ပေါက်လာခဲ့တဲ့ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ကို အစွဲပြုပြီး နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ အမျိုးသမီးတွေ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး လျှောက်လှမ်းနိုင်အောင် ဂုဏ်ပြုသတ်မှတ်ထားသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နယ်ပယ်တိုင်း၊ ကဏ္ဍတိုင်းမှာ မြန်မာအမျိုးသမီးထုရဲ့ အခန်းကဏ္ဍာဟာ မည်မျှအရေးပါတယ်ဆိုတာ ဖော်ကျူးတဲ့ နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်က စွမ်းရည်ထက်မြက်ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေ အနေနဲ့ ဘဝလုံခြုံမှုရရှိရေးနဲ့ စွမ်းရည်မြင့်မားရေးကို ဦးတည်ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံလူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ မြန်မာအမျိုးသမီးများ အနေဖြင့် အေးချမ်းသာယာတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး အောင်မြင်အောင် တည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စုကြီးရဲ့ မျှော်မှန်းချက်ပြည့်ဝအောင်မြင်ရေးကြိုးပမ်းရာမှာ တစ်ဦးချင်းစီရဲ့ဒီမိုကရေစီစိတ်ဓာတ်နဲ့ ဒီမိုကရေစီ အလေ့အကျင့်ကို အရင်းခံပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ခင်ကြင်နာမှု ပြည့်လွှမ်းနေတဲ့ နိုင်ငံတော်ကြီးဖြစ်အောင် စုပေါင်းတည်ဆောက်ရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ နယ်ပယ်စုံ၊  ကဏ္ဍစုံမှ အင်အား စုစုပေါင်း (၅၀၅)ဦး တက်ရောက်ခဲ့ပါသည်။

15-Aug-2018