ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဓနုဖြူမြို့တွင်ကျင်းပပြုလုပ်သည့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲ တက်ရောက်အားပေး
ပုသိမ် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဓနုဖြူမြို့အ.ထ.က (၁)ဘင်ခရာအဖွဲ့ကိုလည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ပန်းပွားအကအဖွဲ့အားလည်းကောင်း ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ပညာ့ဗိမာန်ခန်းမတွင်ပြုလုပ်ရာ ဓနုဖြူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက“အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို (၁၃) ကြိမ် ကျင်းပရန်လျာထားလျက်ရှိရာ ယခုသည် တတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး (၁၀)ယောက်စာရင်း၌ တိုင်းဒေသကြီးမှ ဝိဇ္ဇာတွဲတွင်(၄)ယောက်၊ ဝိပ္ပံတွဲတွင်(၂)ယောက်ထူးချွန်သူ(၆)ဦးပေါ်ထွက်ခဲ့ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များဖြစ်လာစေရေးအတွက် ကျောင်းသားလူငယ်များသည် စာအုပ်စာပေများများများ ဖတ်ရှုရမည်ဖြစ်ရာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက် ပေးနိုင်သည့် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် တိုင်းဒေသကြီးအတွင်း ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၄၀)တိုက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကိုဆရာ/ဆရာမများ၊ မိဘပြည်သူများ နှင့် တာဝန်ရှိသူများအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ဓနုဖြူမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအတွက် စာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးကလည်းကောင်း၊ ဖျော်ဖြေရေးအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ရာ ကျောင်းသား၊ ကျောင်းသူများကလည်းကောင်းလက်ခံရယူခဲ့သည်။
ထို့နောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဓနုဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးပြခန်း၊ ဓနုဖြူမြို့ အ.ထ.က(၂)ပညာပဒေသာစာကြည့်တိုက်တွင် ကျောင်းသား၊ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုများ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်းနှင့် ဖွံ့ဖြိုးဝေစည်ဧရာဝတီဓာတ်ပုံပြခန်း၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ(အထက်တန်း၊ အလယ်တန်းအဆင့်)ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဝယ်ယူနေမှုများ၊ ပညာရေးမိသားစုသင်ထောက်ကူပြခန်း၊ အိမ်တွင်းမှုပြခန်းများနှင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာရှိ တောင်သူဦးညွန့်ဝင်း၏ စိုက်ဧက(၅)ဧကတွင် အောင်နိုင်တိုးစပါးမျိုးအား ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲသို့တက်ရောက်၍ ဓာတ်မြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ “ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးက ထွက်ရှိသည့် ပေါ်ဆန်းသည် အရည်အသွေးကောင်းမွန်ပြီး ပြည်ပတင်ပို့နိုင်သည့် ဆန်အရည်အသွေးပြည့်မီရန်နှင့် တစ်ဧကအထွက်နှုန်းများ တိုးတက် ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဖြင့် ဆောင်ရွက်ကြရမည့် အပြင် ဓာတ်မြေဩဇာ အချိုးကျ ထည့်သွင်းစိုက်ပျိုးရမည် ဖြစ်ပါကြောင်း၊ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြင့် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် များစွာ အထောက်အပံ့ရမည်ဖြစ်ကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။