ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး
ပုသိမ် ဩဂုတ် ၂၀
၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ရိုးရာခြင်းလုံးခတ် အားကစားနည်းသည် မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့်အတွက် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်နှင့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ထို့အတူ ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲမှာလည်း တိုင်းဒေသကြီး ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများသည် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ အကောင်းဆုံး ပါဝင်ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များဖြစ်အောင် ကြိုးစားသွားကြရန်” တိုက်တွန်းပြောကြားပြီး ၂ဝ၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသားရိုးရာခြင်းလုံး ခတ်ပြိုင်ပွဲနှင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရိုးရာခြင်းလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသည့် ဖျာပုံခရိုင်အသင်း၏ ယှဉ်ပြိုင်ကစားနေမှုအား လည်းကောင်း၊ ကိုးသိန်းစနူကာအားကစားခန်းမတွင် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့၏ စနူကာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဘိလိယက်နှင့်စနူကာ မြန်မာ့လက်ရွေးစင် ဦးပေါက်စက ဘိလိယက်နှင့်စနူကာ အားကစားနည်း ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးအတွက် လိုအပ်သည်များ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။