ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်၍ ထောက်ပံ့ငွေများပေးအပ်

ပုသိမ် ဩဂုတ် ၁၈

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ မြတ်ဓမ္မရောင်ခြည် သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂) သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသူများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့်အကြောင်းကြောင့်နှင့်မျှ ပညာရေးတွင် နောက်ကျမကျန်ရအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာ ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အသက်၁၈နှစ်ပြည့်ပီးသူ မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တာဝန်ရှိသူများမှ စာရင်းများ မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များ စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်”မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူဦးရေစာရင်းကောက်ယူခြင်း၊ အိမ်ထောင်စု လူဉီးရေစာရင်းမှတ်ပုံတင်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မှတ်တမ်းမှတ်ရာများဖြင့်စနစ်တကျဆောင်ရွက်ရေး၊ စာရင်းဇယားများမှန်ကန်မှုရှိစေရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အားကစားခန်းမတွင်ပြုလုပ်သည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ပြည်သူများမှ ဆန္ဒမဲလာရောက် ပေးရာတွင် မဲရုံတာဝန်ရှိသူများက မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသား (ကရင်)မဲဆန္ဒနယ်၊ တိုင်းရင်းသား(ရခိုင်)မဲဆန္ဒနယ်များတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု မဲပေးခြင်း၊ မဲပေးပြီး၍လက်သန်းမင်တို့ခြင်းအစရှိသည့် သရုပ်ပြစမ်းသပ်မဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

18-Aug-2025