ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်

ပုသိမ် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယာယီနေရပ်စွန့်ခွာပြည်သူများတွင် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲ ညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း” အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် တစ်ဦးလျင် ဆန်(၂)ပြည်နှုန်းဖြင့် စုစုပေါင်းဆန် (၃၂၄၄)ပြည်အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် တတိယနေ့ပွဲစဉ်အဖြစ် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်းနေရာယူမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား တစ်ဦးချင်းလိုက်လံနုတ်ဆက်အားပေးခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအမျိုးသားအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြုအမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများအား ဘားအံ၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူး၊ ရန်ကုန် မြို့များတွင် ဇုန်အလိုက်ကျင်းပလျက်ရှိပြီး ပုသိမ်ဇုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသင်းများယှဉ်ပြိုင်ကစားလျက်ရှိကာ ဇူလိုင်လ ၁၅ရက်နေ့တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဇူလိုင်လ၁၇ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဇူလိုင်လ၁၈.ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသင်းများ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းသိရှိရသည်။