ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ အသုတ်မြို့တွင်ပြုလုပ်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဓမ္မနာဒဝေဠုဝန်ရိပ်သာ၊ စိန်ရတုဓမ္မသာလာဗိမာန်တော်တွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသုတ်မြို့ဒေသခံလုပ်ငန်းရှင်များမှ ဆန်ရိက္ခာထောက်ပံ့ပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းနှင့် တွေ့ဆုံအားပေးခြင်း ဖြစ်ပါေကြာင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများတွင် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲ ညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း နှင့် အခက်အခဲများရှိပါကလည်း တင်ပြကြရန်လိုပါကြောင်း” အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၁၆၉)စုအတွက် အိမ်ထောင်တစ်စုလျှင် ဆန်(၄)ပြည်အိတ် (၁)အိတ်နှုန်းဖြင့် စုစုပေါင်း (၁၆၉) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသုတ်မြို့၊ နန္ဒာရုံပရိယတ္တိ စာသင်တိုက်သို့သွားရောက်၍ နန္ဒာရုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် မြောင်းမြမြို့ ချမ်းမြသာယာကျောင်းတိုက် ဆရာတော်တို့အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များတင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နန္ဒာရုံပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော် မူမည့် လောကာနန္ဒ ဆုတောင်းပြည့်(မြို့လယ်)စေတီတော် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြအနေများကိုကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

13-Jul-2025