ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း တည်ဆောက်လျက်ရှိသည့် သုံးထပ်ဆွမ်းစား ကျောင်းဆောင် စတုတ္ထအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲ တက်ရောက်

ပုသိမ် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ စေတနာရှင် အလှူရှင်များသည် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာ ပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်းတည်ဆောက်လျက်ရှိသည့် သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် စတုတ္ထအကြိမ်အလှူပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူသောပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သုံးထပ်ဆွမ်းစားကျောင်းဆောင်သစ်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုတို့ကလှူဒါန်းသည့် အလှူငွေများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက လှူဒါန်း သောအလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သုံးထပ်ဆွမ်းစားကျောင်းဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။