ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၂၆

ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်ရေပြင်တွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မီးသတ်ဦးစီးဌာနကို ပြည်သူလုထု၏ အသက်အိုးအိမ် စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစဉ်များအနက် မီးငြှိမ်းသတ်ရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများသည် စဉ်ဆက်မပြတ်ထပ်ခါထပ်ခါ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက် နေမှသာ အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလျက်ရှိရာ သဘာဝဘေးအန္တရာယ်ကြောင့်ပြည်သူလူထု၏ အသက်အိုးအိမ် ပစ္စည်းများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌ ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၁၀၉၆)ဦး အား ခရိုင်၊ မြို့နယ်အသီးသီးတွင် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ထားပြီး ဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်က ယုံကြည်အားကိုးထိုက်သည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်အောင် ဇာတ်တိုက်လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွား ကြရန်နှင့် ပြည်သူလူလုထား အကူအညီပေးရန် မိမိတို့တွင် အမြဲတာဝန်ရှိသည်ဟူသော စိတ်ကို ထားရှိမွေးမြူသွားကြရန်၊“ လေ့ကျင့်မှ ကျွမ်းကျင် ” “ကျွမ်းကျင်မှ ယုံကြည်”“ယုံကြည်မှ ရဲရင့်” “ရဲရင့်မှသည် အောင်ပွဲဆီသို့”ဆိုသည်နှင့်အညီ ဘေးအမျိုးအစား တစ်ခုစီအလိုက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” တိုက်တွန်းအမှာစကားများပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြစ်ကမ်းပါးပြိုကျသည့်ဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသရုပ်ပြသခြင်း၊ ဝါးဖောင် မီးလောင်မှုဖြစ်စဉ်တွင် မီးငြိမ်းသတ်ရေးဆောင်ရွက်မှုနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ ဆောင်ရွက်ခြင်း၊ စက်လှေများ တစ်စီးချင်း ရှေ့နောက်စီတန်း သရုပ်ပြသခြင်း၊ စက်လှေများ ရင်ဘောင်တန်း၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အလံ ကိုယ်စားပြုသည့် အရောင်သုံးရောင်အား ရောင်စုံရေပက်ဖျန်း သရုပ်ပြသခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက စက်လှေများဖြင့်ရင်ဘောင်တန်း အလေးပြုတန်းဖြုတ်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်များအားကြည့်ရှု့စစ်ဆေးခဲ့သည်။

26-Jun-2025