အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း

၁။  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၂။  အဆိုပါ PFP အစီအစဉ်သည် အစိုးရဌာန/ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့်အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် Short Code နံပါတ် “1111” မှတစ်ဆင့် SMS ဖြင့်ပေးပို့မေးမြန်းသော မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMS များပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

26-Jun-2025