ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြောင်းမြမြို့၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ လေကောင်းလေသန့်ရရှိစေရေးနှင့် ဘုရားဖူးခရီးသွား ပြည်သူများ စိတ်အေးချမ်းစွာ လည်ပတ်စေနိုင်ရေးနှင့် သစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းရာတွင် ဌာနဆိုင်ရာများသာမက ပြည်သူလုထုတစ်ရပ်လုံးကပါ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေပြိုခြင်း စသည့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကို အမြဲလိုလိုရင်ဆိုင်နေကြရပါကြောင်း၊ ထို့ကြောင့် သစ်တောများအပါအဝင် သဘာဝသယံဇာတများကိုထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်တည်တံ့ စေခြင်းအားဖြင့် ဘေးအန္တရာယ်များကို ကာကွယ်နိုင်ရုံသာမက နောင်အနာဂတ် နောင်လာနောက်သားများအတွက် အမွေအနှစ်ကောင်းများ ချန်ရစ်ထားပေးနိုင်မှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံပိုင်စိုက်ခင်းများ အနေဖြင့် စီးပွားရေးစိုက်ခင်း(၂၅၅၀)ဧက၊ ဒီရေတောစိုက်ခင်း (၁၄၀၀)ဧက၊ စက်မှုကုန်ကြမ်း စိုက်ခင်း (၄၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း(၇၅၀)ဧက၊ ရေဝေရေလဲစိုက်ခင်း(၁၅၀)ဧကနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း(၂၂၃)ဧက၊ စုစုပေါင်း(၅၄၇၃)ဧက တည်ထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၅ ခုနှစ် မိုးရာသီတွင် ခရိုင်/မြို့နယ်အသီးသီး၌ လူထုဖြန့်ပျိုးပင်(၁၂၆၅၀၀၀)ပင်ကို ဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဧရာဝတီတိုင်း ဒေသကြီးအတွင်း စီးပွားရေးစိုက်ခင်း (၁၀၀၆၀)ဧက၊ ဒီရေတောစိုက်ခင်း (၉၄၀၀) ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း (၃၅၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၃၂၆၆) ဧကနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတည်ထောင်ခြင်း (၆၆၈၅.၅၈)ဧက၊ စုစုပေါင်းသစ်တောစိုက်ခင်း (၂၉၇၆၁.၅၈)ဧကနှင့် လူထုဖြန့်ပျိုးပင်ပေါင်း (၅၇၃၅၃၅၀)ပင်တို့ကို တည်ထောင်ဖြန့်ဝေ စိုက်ပျိုးထားရှိပြီးဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီပင်များအပြင် ရာသီအလိုက်မွှေးပျံ့ပြီး လှပစွာဖူးပွင့်သည့် ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း စသည့် သစ်မျိုး(၁၁)မျိုး၊ ပျိုးပင်(၁၅၃၀)ပင်တို့ကို စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ပြည်သူအများနားလည် သဘောပေါက်လာသည်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့ အစိုးရဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက သစ်ပင်စိုက်ပျိုးခြင်းများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သဘာဝသစ်တောများ ရေရှည်တည်တံ့စေရေး၊ ပင်လယ်ကမ်းရိုးတန်း ဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော ဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်လှပစေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးတို့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းများကို တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်ကာလ ဖြစ်သောကြောင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဧရာဝတီတိုင်း ဒေသကြီးကို စိမ်းလန်းသာယာလှပသည့် တိုင်းဒေသကြီးအဖြစ်ဖန်တီး ပုံဖော်ကြရမည် ဖြစ်ကြောင်း”တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးကဦးဆောင်၍ သစ်ပင်များအားစုပေါင်း စိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပ ဆောင်ရွက်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံမှ ကျောင်းသား/ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၂၀၀)ဦးမှ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ သပြေဘူတ၊ ရေတမာ၊ သစ်မျိုး(၁၁)မျိုး၊ (၁၅၃၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် မြစိမ်းရောင်သာသနာ့နယ်မြေ၊ သီဟရာဇာကုန်းတော်တွင် တည်ထားကိုးကွယ်တော်မူသည့် အလိုတော်ပြည့်ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုခဲ့ပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူခဲ့သည်။ ယင်းနောက် မြစိမ်းရောင်သာသနာ့နယ်မြေရှိ မင်္ဂလာတောင်တော်ဦး ဆွမ်းစားကျောင်းဆောင်သစ် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်မိသားစုများသည် မင်္ဂလာအချိန်တွင် ပန္နက်ရိုက်၍ ရတနာအုတ်မြစ်များစီပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစိမ်းရောင်သာသနာ့နယ်မြေ၊ အောင်မင်းခေါင်ကြီးဓမ္မသာလာဓမ္မာရုံတော်ကြီးတွင် ပြုလုပ်သည့် ဆွမ်းစားကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရန်အတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။ ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အလှူရှင်မိသားစုက အလှူငွေကျပ်သိန်း(၅၀၀၀)အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ တောင်သူ ဦးမြင့်သန်း၏ လယ်မြေ(၆)ဧကတွင်ပြုလုပ်သည့် စက်မှုလယ်ယာဦးစီးဌာန၊ မြောင်းမြမြို့၊ အမှတ်(၃၈) စက်မှုလယ်ယာစခန်းမှ (၆)တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြ စိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်စပါးများရွေးချယ်စိုက်ပျိုးရေး၊ လယ်ဧကများတွင် ပျက်စီးသွားသည့် မြေဆီ၊ မြေဩဇာများပြန်လည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးရေး၊ ကြဲခင်းစနစ်များလျော့နည်းပပျောက်ရေး၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ် စိုက်ပျိုးသွားနိုင်ရေး၊ စနစ်ကျလယ်ယာမြေများဖော်ထုတ်ခြင်း၊ လယ်ယာမြေအဆင့်မြှင့်တင် ခြင်းများဆောင်ရွက်နိုင်ရေးနှင့် တောင်သူကြီးများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

20-Jun-2025