ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ်(၅) သူနာပြု-သားဖွား ဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် အပတ်စဉ်(၅) သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား/သူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။
ဦးစွာ သင်တန်းသား၊ သင်တန်းသူများက “ဂရုဏာအလင်း” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ သူနာပြုသင်တန်းကျောင်း(၃)ကျောင်းတွင် သင်တန်းသား၊ သင်တန်းသူ များအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲများကို ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းများ၊ သင်တန်းသူများသည် ဝါသနာကိုအရင်းခံ၍ အရည်အချင်းနှင့်ပြည့်မီသူများဖြစ်သဖြင့် သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်နေသူများ ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၏ အဓိကလုပ်ငန်းများတွင် သူနာပြု/သားဖွား များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြသူများဖြစ်ပြီး ကျေးလက်ဒေသအထိ စောင့်ရှောက်မှုပေးနေသူများဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများ၏ ကျန်းမာရေး ကောင်းမွန်ပြည့်စုံပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအထိ လိုအပ်သည့် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် သူနာပြုသင်တန်းသား၊ သင်တန်းသူများကို များစွာဂုဏ်ယူပါကြောင်း၊ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းခံယူကြသည့် သင်တန်းသား၊ သင်တန်းသူများသည် မိမိတို့အသက်မွေးဝမ်း ကျောင်းပညာရပ်ကို အဆင့်မြင့် ပညာရပ်များ တတ်မြောက်နိုင်သည်အထိ အဆင့်ဆင့်တက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်စေလိုကြောင်း၊ သူနာပြုပညာရပ်များကိုအရင်းတည်၍ အရည်အသွေးပြည့်ဝသော ကိုယ်ပိုင်အရည်အချင်း စွမ်းအားများဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ စံပြပုဂ္ဂိုလ်များကိုနမူနာယူ၍ အခက်အခဲများကို ကျော်လွှားအောင်မြင်ကာ သင်တန်းပြီးမြောက်အောင်မြင်အောင်တက်ရောက်၍ မိသားစုအကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများဖြစ်ကြပါစေကြောင်း”တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြောင်းမြမြို့ သူနာပြုသင်တန်းမှကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ပြည်သူ့ဆေးရုံ ကြီးမှ သူနာပြုအုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆို ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသည့် ပထမနှစ်နှင့် ဒုတိယနှစ်မှ သင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ထူးချွန်ဆုရရှိသည့် တတိယနှစ်မှ သင်တန်းသူများကို ဆုများဆက်လက်ချီးမြှင့်ခဲ့ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်း၌ပြုလုပ်သည့် အပတ်စဉ်(၅) သူနာပြု-သားဖွား ဒီပလိုမာသင်တန်းတွင် သင်တန်းသား(၈)ဦး၊ သင်တန်းသူ (၆၇)ဦး၊ စုစုပေါင်း (၇၅)ဦး အား ဂျုတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပါသည်။