ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့သူနာပြုနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ်(၂၄) သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့သူနာပြုနာပြုသင်တန်း ကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ်(၂၄) သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယနေ့မှစ၍ သူနာပြုတာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် တာဝန်ပေးလိုက်ခြင်းဖြစ်သည့်အတွက် တာဝန်ကျရာ ကျန်းမာရေးဌာနအသီးသီး၌ မိမိတို့သင်ယူတတ်မြောက်သည့် ပညာအဆင့်အလိုက် မကျန်းမာသူများကို မိမိတို့ကိုယ်တိုင် စောင့်ရှောက်ခွင့်ရကြပြီဖြစ်ပါကြောင်း၊ မိမိတို့သက်မွေးဝမ်းကြောင်း ပညာရပ်အရ ထားရှိရမည့် စိတ်ဓါတ်၊လိုက်နာရမည့် ကျင့်ဝတ်များနှင့် အညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၏ အဓိကလုပ်ငန်းများတွင် သူနာပြု/သားဖွားများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြသူများဖြစ်ပြီး ကျေးလက်ဒေသ အောက်ခြေထိ စောင့်ရှောက်မှုပေးနိုင်သူများ ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးကောင်းမွန် ပြည့်စုံပြီးလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအထိ မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဖြစ်၍ သူနာပြုနယ်ပယ်ကို ရည်မှန်းချက်ကောင်းထားရှိပြီး ဝင်ရောက်လာသူ မျိုးဆက်သစ်သူနာပြု သင်တန်း သား/သင်တန်းသူ များကိုများစွာဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာမူဝါဒနှင့်အညီ ဒေသခံပြည်သူတို့၏ရင်သွေးများဖြစ်သောမျိုးဆက်သစ်လူငယ်များကို အသက်မွေးဝမ်းကြောင်းမှုအတတ်ပညာရပ်ဖြစ်သည့်သူနာပြု နှင့် သားဖွားအတတ်ပညာများတတ်မြောက်စေ၍ အလုပ်အကိုင် အခွင့် အလမ်းများရရှိစေခြင်း၊ ပြည်သူလူထုမှအားထားရသည့် အရည် အသွေး ပြည့်ဝသောသူနာပြု/သားဖွားကောင်းများကို လေ့ကျင့် မွေးထုတ်ပေးနိုင်ရန် အထောက်အပံ့ဖြစ်စေခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားစေရေး ဆောင် ရွက်ရာတွင်အားဖြည့် နိုင်မည်ဖြစ်သည့်အတွက် ဤသင်တန်းကျောင်းကြီးကို ရေရှည်တည်တံ့တိုးတက်အောင်မြင်စေရန် အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ပေးကြရန်လိုပါကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူ များအတွက် ဂုဏ်ပြုချီးမြှင့်ေငွများပေးအပ်ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ ဖလောရင့်နိုက်တင်ဂေးဆုရှင် ဝဏ္ဏကျော်ထင် စနိုင်နိုင်ထွန်း၊ ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဂျူကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီး သင်တန်းသား၊ သင်တန်း သူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် Geotextole ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် Geotextile ကမ်းထိန်းတမံ အလျား ၂၁၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် မြစ်ဖြတ်တူးေမြာင်း ဖောက်လုပ်ပြီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မညိ့အစီအမံများအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းေဒသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယခုအခါ မြစ်ရေမြင့်တက်လာပြီဖြစ်၍ ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံများ၏ကြံ့ခိုင်မှုကို ထိခိုက်မှုမရှိ စေရေး မျက်ခြေမပြတ်စောင့်ကြည့်ဆောင်ရွက်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ် ပါကအချိန်နှင့်တစ်ပြေးညီ ပြုပြုပြင်ဆောင်ရွက်ရန်၊ မြစ်ဖြတ်တူးမြောင်းအတွင်း ရေစီးရေလာ ကောင်းမွန်ပြီး ပိတ်ဆို့တိမ်ကောမှု မရှိစေရန်စစ် ဆေးဆောင်ရွက်ရန်နှင့်လိုအပ်ပါက သောင်တူးဖော်နိုင်ရန်အတွက် သောင်တူးရေယာဥ်များ အဆင်သင့်ဖြစ်နေစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မဲဇလီညွန့်ကျေးရွာအနီး၊ ဖြတ်တာ ၁-င နှင့် ဟင်္သာတကမ်းနာတာကြားတွင် မဲဇလီညွန့်ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်း အလျား ၃၀၅၀ပေ၊ တာထိပ်အကျယ် ၁၄ ပေ၊ အောက်ခြေအကျယ် ၆၃ ပေ၊ ပျမ်းမျှအမြင့် ၁၄ ပေရှိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မဲဇလီညွန့်ဖြတ်တာလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ မြစ်ရေမြင့်တက်မှု၊ မြစ်ရေကြီးမှုမှကာကွယ်နိုင်ရေး ဖြတ်တာများတည်ဆောက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကတာတမံများကြံ့ခိုင်ရေးအတွက် ရေကင်းချထားဆောင်ရွက်ရေး၊ ဖြတ်တာလုပ်ငန်းဆောင်ရွက်ရာတွင် တာကြံ့ခိုင်မှုရှိစေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယခင်နှစ်ကမြစ်ရေကြီးမှုဖြစ်စဥ်ကြောင့်မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် လူနေအိမ်များဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရာ ယာယီစာသင်ဆောင် ဆောက်လုပ်သင်ကြားလျက်ရှိသော ဖောင်ဆိပ်ကျေးရွာအခြေခံပညာ မူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စည်းကမ်းမဲ့ အမှိုက်မစွန့် ပစ်စေရေးနှင့် အမှိုက်ပုံးများ စနစ်တကျထားရှိစေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများ ကောင်းမွန်ရေး၊ မိုးတွင်းကာလ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး အတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေးတို့ကိုမှာကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးကိရိယာများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။