ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံသို့ သွားရောက်စစ်ဆေး၊ ကညင်ရေအားအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအားသွားရောက်ကြည့်ရှုစစ်ဆေး

ပုသိမ် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြိူ့နယ်၊ ကညင်ရေလှောင်တမံနှင့် ကညင်ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ရေလှောင်တမံ၊ ပင်မရေပိုလွှဲသို့ရောက်ရှိ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ပင်မရေပိုလွှဲမှ ရေကျော် စီးဆင်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဦးစီးအရာရှိ၊ ကညင်ရေလှောင်တမံမှ ရောက်ရှိရေမှတ်မှာ ၂၈၉ ပေ ဖြစ်ပါသဖြင့် ပင်မရေပိုလွှဲမှ ၁ ပေ ရေကျော်စီးဆင်းနေမှု၊ Conduit ရေသွယ်မြောင်း မှ ၁၂" × ၃ ပေါက် ဖွင့်လှစ်ပြီး ရေလျော့ထားရှိမှု၊ ကညင်ရေလှောင်တမံ၏ ပင်မရေပိုလွှဲမှ ယခင်နှစ်တွင် ၉ ပေ ထိ အများဆုံး ရေကျော်စီးဆင်းခဲ့မှုနှင့် မိုးရာသီကာလအတွင်း အလှည့်ကျ ၂၄ နာရီ ရေကင်းတာဝန် ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရောက်ရှိရေမှတ်များကို စနစ်တကျ မှတ်တမ်းထားရှိရေး၊ မိုးရာသီကာလအတွင်း ရေကင်းတာဝန်များကို စနစ်တကျဆောင်ရွက်ရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကညင်ရေလှောင်တမံတွင် ဆောင်ရွက်လျက်ရှိသည့် ကညင်ရေအားလျှပ်စစ်စီမံကိန်း၊ Intake Tower (ရေယူအဆောက်အဦ)တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံမှ Leading Channel (ရေသွယ်မြောင်း) မှတဆင့် Intake Tower (ရေယူအဆောက်အဦ) မှရေအား ၃.၆ မီတာရှိသော Penstock Pipe (ရေသွယ်ပိုက်လိုင်း)ဖြင့် Powerhouse (ဓါတ်အားထုတ်စက်ရုံ) သို့သွယ်ယူ၍ လျှပ်စစ်ဓါတ်အားထုတ်လုပ် သွားမည်အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကညင်ရေအားလျှပ်စစ်စီမံကိန်းအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းများအရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးတို့ကိုမှာကြားခဲ့သည်။ အဆိုပါ ကညင်ရေအားလျှပ်စစ်စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုမှာ ၆၀% ကျော်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။