တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု၊ တောက်တဲ့ရိုးကျေးရွာ၌ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာ အုပ်စု၊ တောက်တဲ့ရိုးကျေးရွာ၌ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောက်တဲ့ရိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အပတ်စဉ်သောကြာနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သွားရန်၊ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်စေရေး အမှိုက်ပုံးများစနစ်တကျထားရှိရန်၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများ ကောင်းမွန်ရေး၊ မိုးတွင်းကာလ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး အတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေး" မှာကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးကိရိယာများနှင့်ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ အင်းသောင်ကြီးကျေးရွာ အောင်ချမ်းသာရွာလယ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုကဲ့သို့ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းသည် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသရှိကုန်စည်စီးဆင်းမှုများ လျင်မြန်စေရန် အတွက် သောင်ကြီးနှင့်အင်းသောင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား)(၃၀၀)ပေ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ် ကူးပြောင်းရေးအတွက် ဆရာ၊ မိဘပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Grade - 9 အောင်မြင်သောကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း များတွင်တက်ရောက်နိုင်မည်ဖြစ်၍ အခွင့်အလမ်းကောင်းများရှိနေပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင်လည်း သိရှိလိုသည်များအား တင်ပြဆွေးနွေးနိုင်ပါကြောင်းနှင့် အခက်အခဲများကိုလည်း တင်ပြပေးကြစေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧက အထွက်နှုန်းများပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်စပါးများရွေးချယ်စိုက်ပျိုးရေး၊ လယ်ဧကများတွင် ပျက်စီးသွားသည့် မြေဆီ၊ မြေဩဇာများပြန်လည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်များလျော့နည်းပပျောက်ရေး ၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေး၊ Grade - 9 အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင် တက်ရောက် နိုင်မည့် အခြေအနေများ၊ ကျောင်းဆောင်လိုအပ်ချက်များတင်ပြတောင်းခံနိုင်ရေး၊ ကျောင်းနေ အရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ် ကူးပြောင်းရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြင်များ ပေါက်ဖွားနိုင်သည့် နေရာ များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဒေသခံပြည်သူများအား ရှင်းလင်းဆွေးခဲ့ကြပြီးနောက် ဒေသခံပြည်သူများက ဒေသ၏လိုအပ်ချက်များကို ဆက်လက်တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အင်းသောင်ကြီးကျေးရွာရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းသောင်ကြီးကျေးရွာ အမှတ်(၄၆)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ မြေရဲတောင်ကျေးရွာ အုပ်စုရှိ တောင်သူဦးတင်ရှိန်၏ စပါးစိုက်ဧက(၃)ဧကတွင်ပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက် ရေးအတွက်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းပွဲ အခမ်းအနားသို့တက်ရောက်၍ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံသို့ ဆင်းသုခ၊ အောင်နိုင်တိုး၊ မှော်ဘီ-၃မျိုးစပါးများပေးအပ်ခဲ့ပြီးနောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်လာမှု၊ဓာတ်မြေဩဇာ များလျော့ချ သုံးစွဲနိုင်မှု၊ အထွက်နှုန်းတိုးတက်လာမှုများအား နှစ်အလိုက်မှတ်တမ်းများထားရှိရန်နှင့် သစ်စိမ်း မြေဩဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။