ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း  ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများနှင့် ကန်ကြီးထောင်မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတို့တွင် ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်နေမှုများ သွားရောက်ကြည့်ရှုအားပေး၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲ တက်ရောက်

ပုသိမ်   ဇွန်   ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဆိပ်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လေးအိမ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာအခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းအပ်နှံတက်ရောက်မှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်မှုရှိစေရေး အပတ်စဉ်သောကြာနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သွားရန်၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟူသည့်အတိုင်း စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်စေရေး အမှိုက်ပုံးများစနစ်တကျထားရှိရန်၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများကောင်းမွန်ရေး၊ မိုးတွင်းကာလ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေး" မှာကြားကာ စာသင်ဆောင်များတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများအား ကြည့်ရှုအားပေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ချီးမြှင့်ငွေများနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ လေးအိမ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံတက်ရောက် ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေး ခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေး များအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေး" မှာကြားကာ စာသင်ဆောင်များတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများအား ကြည့်ရှုအားပေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ငွေများနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ သဘော့ချောင်းကျေးရွာ၊ တောင်သူဦးသက်ပိုင်စိုး၏ မိုးစပါးစိုက်ဧက (၄)ဧကတွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါး ပန်းတိုင်အထွက်နှုန်ူး ရောက်ရှိရမည့်နှစ်ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းကျော်တွင်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်း ထက် မျိုးစေ့နှုန်းထား လျှော့ချနိုင်ပြီး အထွက်နှုန်းများ ပိုမိုတိုးတက်စေရန်နှင့်  ကြဲခင်းစနစ်များ ပပျောက်စေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာ (Drum Seeder)များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း" ပြောကြားခဲ့ပြီး တောင်သူကြီးများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသို့သွားရောက်၍ ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ၊ တက်ရောက် ပညာသင်ယူနေမှုများအား ကြည့်ရှုအားပေးကာ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများကောင်းမွန်ရေး၊ သင်ထောက်ကူပစ္စည်းများစုံလင်စွာထားရှိရေး၊ Grade - 9 အောင်မြင်သောကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင်တက်ရောက်နိုင်ရေး အသိ ပညာပေး စည်းရုံးဆောင်ရွက်ကြစေရေး၊ နယ်ဝေးမှ လာရောက်ပညာသင်ကြားကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်မှုများ အဆင်ပြေမှုရှိစေရေး၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက် စေရေး၊ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းရေးကြိုးပမ်းဆောင်ရွက်သွားကြရန်" တာဝန်ရှိသူ များအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာန်ဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

13-Jun-2025