ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း သာပေါင်းမြို့နယ် ငါးဘတ်ချောင်းကျေးရွာအုပ်စုတွင် မိုးစပါးစိုက်တောင်သူများအား မျိုးစေ့များ၊ မျိုးစေ့ချကိရိယာများပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာထည်ထိုးထည့်သွင်းခြင်းသရုပ်ပြပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာတွင်ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား (RS) မျိုးစေ့ပေးအပ်ခြင်း၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ( Drum Seeder )များ ပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည်ထိုးထည့်သွင်းစိုက်ပျိုးပွဲအခမ်းအနား တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ရေတော်မိုးတော် မိုးစပါးစိုက်ဧကအားလုံးတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ကောင်းမွန်လာမှာဖြစ်ပြီး မြေဩဇာသုံးစွဲမှုများကိုလျော့ချနိုင်မှာဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများအချိုးကျသုံးစွဲကြရန်၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်စပါးများစိုက်ပျိုးကြရန်လိုပါကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် မျိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရမည်ဖြစ်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ တောင်သူများကလည်း မိုးစပါးအထွက်နှုန်း ပန်းတိုင်ရောက်ရှိရေး စနစ်တကျစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်များမှ ကျေးရွာများ အရောက်ကွင်းဆင်းကာ စိုက်ပျိုးရေးအသိပညာပေးခြင်းများ ဆောင်ရွက်ကြရန်၊ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုတ်ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ အောင်မြင်အောင်စိုက်ပျိုးနိုင်ရေးနှင့် ရာသီအလိုက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းများကို တိုင်းဒေသကြီးအတွင်းဖွင့်လှစ်ပေးလျက်ရှိရာ အခြေခံပညာအလယ်တန်းအောင်မြင်သူများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းရေးနှင့် ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း”ပြောကြားခဲ့ပြီး သာပေါင်းမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ သာပေါင်းမြို့နယ်အတွင်း ရေတော်မိုးတော် စပါးစိုက်ခင်းများတွင် သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးမှု၊ သီးနှံစုံအထွက်နှုန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအားရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ တောင်သူများအား စပါးမျိုးကောင်း မျိုးသန့်များနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များပေးအပ်ခဲ့ပြီး တောင်သူဒေါ်လှမိုးခိုင်၏ မိုးစပါးစိုက်ဧက(၈)ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည်ထိုးမြေသွင်းစိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာရှိ တောင်သူဦးဇော်ဝင်းထွန်း၏ မိုးစပါးစိုက်ဧက(၂)ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည်ထိုးထည့်သွင်း စိုက်ပျိုးမှုများအားကြည့်ရှုအားပေးခဲ့ပြီး မယ်ထွေးလေးအဆင့်မြင့်ဆန်စက်သို့သွားရောက်၍ ဆန်စက်အတွင်းစပါးကြိတ်ခွဲနေမှုများအားကြည့်ရှုအားပေးကာ တောင်သူများအား အရည်အသွေးကောင်း အထူးအထွက်တိုးစပ်မျိုးစပါး (နယူးဧရာ-11)များပေးအပ်၍ တောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများနှင့် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်ကျေးရွာတွင် ပြုလုပ်သော "လင်းလက်နေခြည်"စာကြည့်တိုက်သစ်ဖွင့်ပွဲတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့က စာကြည့်တိုက်အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာအုပ်၊ စာစောင်နှင့်အလှူငွေများအားပေးအပ်ရာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ စာကြည့်တိုက်မှူးက လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလှူဒါန်းသော စာအုပ်၊ စာစောင်နှင့် အလှူငွေများအား ကျေးရွာအုပ်ချုပ်ရေးမှူးမှလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။ ထို့နောက် စာကြည့်တိုက် သစ်ဖွင့်ပွဲအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာစာကြည့်တိုက်အတွင်း ကျောင်းသား၊ကျောင်းသူများစာအုပ်စာပေဖတ်ရှုမှုများ၊ စာကြည့်တိုက်ခင်းကျင်းထားရှိမှုများအားကြည့်ရှုအားပေးခဲ့ပြီး စာအုပ်စာစောင်များစုံလင်စွာထားရှိစေရေး၊ စာအုပ်ငှားရမ်းဖတ်ရှုမှုများအား စနစ်တကျမှတ်တမ်းများထားရှိစေရေးနှင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့ပြီး အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ "လင်းလက်နေခြည်" စာကြည့်တိုက်အားမြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှလှူဒါန်းသည့် ငွေကျပ်သိန်း(၁၅၀)နှင့် အလှူရှင်မှလှူဒါန်းငွေ(၆၅)သိန်း၊ စုစုပေါင်း ငွေကျပ်(၂၁၅)သိန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး၊ အလျား ၂၀ ပေ၊ အနံ ၁၉ ပေ၊ အမြင့် ၁၃ ပေဖြင့် ဆောက်လုပ် ထားခြင်းဖြစ်ကြောင်းသိရသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဆူးပတောင်းကွင်းကျေးရွာတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများအား မြေဆီလွှာများပြန်လည်ကောင်းမွန်ရေး၊ ဓာတ်မြေဩဇာများလျော့ချ သုံးစွဲနိုင်ရေးအတွက် စိုက်ဧကများတွင် သဘာဝမြေဩဇာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး တောင်သူဦးဝင်းမောင်၏ မိုးစပါးစိုက်ဧက(၆)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းစိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအား အောင်နိုင်တိုးစပါးမျိုးကောင်းမျိုးသန့်များပေးအပ်ခဲ့ကာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုရေးနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

11-Jun-2025