ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး

ပုသိမ် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ကျောင်းဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များ ပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း တို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ငဝန်ကျွန်းသာ အလယ်လမ်းမကြီးတွင် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်၊ ငဝန်ကျွန်းသာရပ်ကွက် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး တူးဖော်ဆောင်ရွက်မည့် ရေမြောင်းများ၏ တည်နေရာများကို ရှင်းလင်းတင်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်မြို့ပေါ်ရှိရပ်ကွက်များတွင် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များပိတ်ဆို့မှုမရှိစေရေးနှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ရေး၊ လမ်းမကြီးများတွင် ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ပြည်သူများ အပန်းဖြေနားနေနိုင်သည့်နေရာများ၊ ပန်းခြံများ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းဆိုပြေရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက်ရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။