ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ Master Feed mill ငါးအစာတောင့်စက်ရုံသို့ သွားရောက်ကြည့်ရှု

ပုသိမ် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့လယ်ပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ Master Feed mill ငါးအစာတောင့်စက်ရုံသို့ သွားရောက်၍ ငါးအစာတောင့်စက်ရုံ လည်ပတ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် စက်ရုံ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဉီးက ငါးအစာတောင့်စက်ရုံနှင့်ပတ် သက်သော အချက် အလက်များ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ ဖွဲနု၊ ငါးခြောက် စသည့်ကုန်ကြမ်းများအသုံးပြုမှု၊ တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက် များနှင့် ကုန်ကြမ်းထွက်ရှိရာဒေသများမှ ကုန်ကြမ်းရရှိမှု၊ ကုန်ကြမ်းများသိုလှောင်ထားရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ကုန်ချောအမျိုးအစားများ၊ ကုန်ချောသိုလှောင်ထားရှိမှုနှင့်ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းမှထွက်ရှိရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ငါးအစာတောင့်များ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်မှုများအပေါ် စနစ်တကျမှတ်တမ်းများထားရှိရေး၊ ပါဝင်သည့်ပစ္စည်းများအား စနစ်တကျဓာတ်ခွဲစမ်းသပ် သုတေသနပြုမှတ်တမ်းထားရှိရေး၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊ တိုင်းဒေသကြီးမှထွက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြင့် တွင်ကျယ်စွာအသုံးပြုထုတ်လုပ်နိုင်ရေး စသည်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့ အရေးပေါ် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့်နေရာသို့ သွားရောက်ကြည့်ရှုရာ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မေလ ၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ကမ်းပြိုမှုကြောင့် ညောင်တုန်းမြို့၊ ရန်ကင်းစံရာအနောက် ကျွန်းကျေးရွာနှင့်တိုးချဲ့ ၄ ရပ်ကွက်တို့မှ နေအိမ် ၆၁ လုံးပြောင်းရွှေ့ရသည့် အခြေအနေများ၊ အရေးပေါ်ကာကွယ်ရေးအဖြစ် ပြည်ထောင်စု၏ရန်ပုံငွေဖြင့် ကမ်းပါးအောက်ခြေထိန်းသိမ်း ခြင်းနှင့် Geotextile ကပ်ခြင်း ၅၇၀ ပေ၊ Floating Unit ချထားခြင်း ၈၀၀ ပေနှင့် သောင်စွယ်ဖြတ်ခြင်း ၇၁၅ မီတာ ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က ယခုအခါမြစ်ရေများမြင့်တက်လာပြီဖြစ်၍ အချိန်မီပြီးစီအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ရေယာဥ်များ အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်များအတွက် နေရာပြန်လည်ချထားပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့ကမ်းပါးတစ်ေလျှာက် ကမ်းထိန်းလုပ်ငန်းများအား ရေယာဥ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကိုင်းချောင် ကျေးရွာရှိ တောင်သူ ဦးအေးသောင်း၏ စပါးစိုက်ဧက(၄)ဧကတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများထံသို့ ဆာဖိုးသာ-၁၊ ဆင်းသုခ၊ မှော်ဘီ-၃ မျိုးစပါးပေးအပ်ခဲ့ပြီးနောက် ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါး ပန်းတိုင် အထွက်နှုန်ူး ရောက်ရှိရမည့်နှစ်ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းကျော်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ကြိုးပမ်းကြစေလိုကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်လာမှု၊ ဓာတ်မြေဩဇာ များလျော့ချသုံးစွဲနိုင်မှု၊ အထွက်နှုန်းတိုးတက်လာမှုများအား နှစ်အလိုက်မှတ်တမ်းများထားရှိရန်နှင့် သစ်စိမ်းမြေဩဇာ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း မြှုပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။