ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအားတက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေး

ပုသိမ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး ၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုသိမ်မြို့ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက် ခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးအနေဖြင့် စီးပွားရေးစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ကျေးရွာထင်း စိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို လူထုလှုပ်ရှားမှုများဖြင့် နှစ်စဉ်စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ သစ်တောဖုံးလွှမ်းမှုဧရိယာတိုးလာသည်ကိုတွေ့ရှိရပါကြောင်း၊ လူဦးရေတိုးပွားလာခြင်း၊ ရာသီဥတုများပုံမှန်မဟုတ်ဘဲ ဖောက်ပြန်လာခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် အကြောင်းအရာများက သဘာဝသယံဇာတများကို လျော့နည်းလာစေခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လျော့နည်းလာသည့် သဘာဝသယံဇာတများထဲတွင် သစ်တောသယံဇာတများလည်း ပါဝင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန်နှင့်ပြန်လည်ကုစားရန် အရိုးရှင်းဆုံးသောနည်းလမ်းမှာ သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းပဲဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တစ်ဦးချင်းအနေဖြင့်ရော ကျေးရွာတစ်ရွာချင်းအနေဖြင့်ပါ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် စိတ်ပါဝင်စား၍ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အထူးအလေးထား မှာကြားတိုက်တွန်းလိုပါကြောင်း၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုရေး၊စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာ့သစ်တောမူဝါဒတွင်ကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေခြင်း၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေခြင်း၊ ပြည်သူအတွင်း နိုးကြားတက်ကြွသည့် အသိရှင်သန်နေစေခြင်း ဟူ၍ ပဓာနကျသည့် အချက်(၆)ချက်ပါဝင်ပြီး သစ်တောသယံဇာတများ ထိန်းသိမ်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာပြီး ဂေဟစနစ်ကောင်းမွန်လာကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ စိုက်သမျှအပင်များ ရှင်သန်အောင်မြင်ဖို့ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများကို တိုင်းဒေသကြီးအတွင်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်ကာလအတွင်း သဘာဝသစ်တောများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် ပြန်လည်မျှတလာစေရေး စသည့်လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဒေသခံပြည်သူများ၊ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “သစ်ပင်စိုက်ပွဲတော်များကျင်းပရင်း ဧရာဝတီတိုင်းဒေသကြီးကို စိမ်းလန်းသည့် တိုင်းဒေသကြီးအဖြစ်ဖန်တီးပုံဖော်ကြရန်လိုပါကြောင်း” တိုက်တွန်းမှာကြားသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဆောင်၍ သစ်ပင်များအားစုပေါင်း စိုက်ပျိုးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း ၁၂၀၀ ပင်အား စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရုံးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးဝန်းအတွင်း၌ ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှဦးဆောင် ၍ ကံ့ကော်၊ ခရေ၊ တရုတ်စကား၊ စက္ကူ၊ ခရာဝါစသည့် ပျိုးပင် ၁၂၀ ပင်ကို စိုက်ပျိုးခဲ့ကြ ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ တလု‌တ္ထော်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများ၊ လျာထားကျောင်းသားအင်အားပြည့်မီရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဆရာ၊ ဆရာမ အင်အားစာရင်းနှင့် လျာထားချက်ပြည့်မီရေး ဆက်လက်ကျောင်းအပ်လက်ခံသွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေး အတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ စာသင်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

04-Jun-2025