ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း အဆင့် ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား ပုသိမ်မြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယနေ့အခမ်းအနားသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၏ သားသမီးများကို ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းသားအင်အား ၁၁သိန်း ၃သောင်းကျော်လျာထားခဲ့ရာ ယနေ့အထိ ၁၀သိန်း ၃သောင်းကျော် ကျောင်းအပ်နှံပြီးဖြစ်ရာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ သား၊ သမီးများ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းပြီး ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်သွားရန်နှင့် စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းစေရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့မိ မြို့ဖများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်များတွင် တက်ရောက်ပညာသင်ယူမည့်ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တရားသူကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက“ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်တွင် တက်ရောက်ပညာသင်ယူမည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊သမီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်ဖွဲ့ဝင်များ၏သားသမီးများ၊ စစ်မှုထမ်းဟောင်းများ၏သားသမီး ကျောင်းသား၊ ကျောင်းသူ (၃၃၀၆)ဦးအတွက် ပညာသင်စရိတ်နှင့်စာရေးကိရိယာပစ္စည်းများ၊ ထီး၊ မိုးကာ၊ ကျောပိုးအိတ်၊ ကျောင်းဝတ်စုံစရိတ် စုစုပေါင်း ကျပ် ၁၇၂၉ သိန်းကျော်ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

01-Jun-2025