ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကြံခင်းမြို့နယ် အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း-ချင်းမြောင်တွင် ကျောင်းအပ်လက်ခံမှုများ ကြည့်ရှုအားပေး၊

ပုသိမ် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း-ချင်းမြောင်သို့ သွားရောက်၍ ကျောင်းအပ်လက်ခံမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စက်မှု၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေး ဘာသာရပ်များအလိုက် ကျောင်းအပ်လက်ခံနေမှုများနှင့် အခြေခံပညာကျောင်းအပ်နှံမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများကောင်းမွန်ရေး၊ သင်ထောက်ကူပစ္စည်းများစုံလင်စွာထားရှိရေး၊ မိုးတွင်းကာလ သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက် ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းရေးကြိုးပမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများစုပေါင်း၍ မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းအဖွဲ့များဖြင့် စာရင်းကောက်ယူခြင်းများ၊ စာရင်းများ မှန်ကန်စေရေး တိုင်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ပြီး စတုတ္ထမူကြမ်းပေးပို့တင်ပြပြီးဖြစ်ပါကြောင်း၊ ပဥ္စမမူကြမ်းပေးပို့နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်စေရေးနှင့် ကွဲလွဲမှုများမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ မွေးဖွားမှု၊ သေဆုံးမှုစာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” မှာကြားခဲ့ပြီး လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်ရှိ မြန်အောင်တာ တာမိုင်(၆/၂+၃၆၀' - ၆/၄+၂၀၀')အတွင်း ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဖြတ်တာအရှည် ၁၁၆၀ ပေအား ဌာနမှတာဝန်ယူဆောင်ရွက်မ အခြေအနေများ၊ ဖြတ်တာဆောင်ရွက်ခြင်းလုပ်ငန်းအား ရာသီဥတုအခြေအနေများကြောင့် ခေတ္တဆိုင်းငံ့ထားပြီး ဇွန်လပထမပတ်တွင် အပြီးသတ်ဆောင်ရွက်သွားမည့်အ ခြေအနေများနှင့် ဖြတ်တာဆောင်ရွက်ပြီးစီးပါက ပတ်ဝန်းကျင်ကျေးရွာအုပ်စုများမှ စိုက်ပျိုးဧက(၁၃၆၃၂၁)ဧကအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့်အချိန်မီဆောင်ရွက်ပြီးစီးရေး မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများစုပေါင်း၍ လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ အချက်အလက်များပြည့်စုံစေရေး၊ စာရင်းများမှန်ကန်တိကျရေး အလေးထားစိစစ်ကြရန်နှင့် အချိန်မီတင်ပြ နိုင်ရေးဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ထို့နောက် အင်္ဂပူမြို့နယ်၊ သိုက်တူးကွင်းကျေးရွာတွင် ပြုလုပ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းစိုက်ပျိုးပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသောတောင်သူများနှင့်တွေ့ဆုံ၍ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးမှု၊ မြေဩဇာ သုံးစွဲရမှု၊ စပါးအထွက်တိုးမှုအခြေအနေများဆွေးနွေးခဲ့ပြီးမြေဆီလွှာများ ပြန်လည်ကောင်းမွန်ရေး၊ ဓာတ်မြေဩဇာများလျော့ချသုံးစွဲနိုင်ရေးအတွက် စိုက်ဧကများတွင် သဘာဝမြေဩဇာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး ကွင်းအမှတ်(၇၅၉)၊ တောင်သူဦးခင်မောင်ဝင်း၏ မိုးစပါးစိုက်ဧက(၄)ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းစိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့သည်။

31-May-2025