ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လျှပ်စစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီ၊ အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ကုမ္ပဏီတာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ရည်သုံးလျှပ်စစ်စီမံကိန်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်စီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်း၊ လေအားလျှပ်စစ် စီမံကိန်းနှင့် စပါးခွံလောင်စာနှင့် ရေနွေးငွေ့သုံးလျှပ်စစ်စီမံကိန်းလုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ မြေနေရာရရှိမှုအခြေအနေများ၊ သက်ဆိုင်ရာရှယ်ရာရှင် များနှင့် စာချုပ်ချုပ်ဆိုမှု၊ 66 KV ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သစ်တောဧရိယာများလွတ်ကင်းမှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

28-May-2025