ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားတက်ရောက်

ပုသိမ် မေ ၂၇

ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုရရှိသည့်ကျေးရွာကိုယ်စားလှယ်များ၊ စီမံကိန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်နေထိုင်ကြသူများဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အားထားရာ စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို စီမံကိန်းကျေးရွာများတွင် အိမ်ထောင်စုအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အခြားအသက်မွေးလုပ်ငန်းများနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် မြစိမ်းရောင်စီမံကိန်းကို ကျေးရွာ(၂၅၂၉)ရွာတွင် ရန်ပုံငွေ(၅၉.၁၄) ဘီလီယံဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ရန်ပုံငွေ (၇၆.၆၃၉)ဘီလီယံ တိုးတက် လာပြီး အိမ်ထောင်စုပေါင်း (၂၃၀၆၈၇)ကို ထုတ်ချေးထားပြီးဖြစ်ပါကြောင်း၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာများအနက် စီမံကိန်းကာလ(၅)နှစ်နှင့်အထက်ရှိပြီး စီမံကိန်းရန်ပုံငွေအလွဲသုံးစားမှု မရှိသော ကျေးရွာများကိုရွေးချယ်၍ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နိုင်သည့် ကျေးရွာများအဖြစ် သတ်မှတ်ကာ ၎င်းကျေးရွာများကို Exit Strategy ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင် စီမံကိန်းကျေးရွာများတွင် ဒီဂျစ်တယ်နည်းပညာကို ထိရောက်စွာအသုံးပြုပြီး ကျေးလက်နေ ပြည်သူများ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီနိုင်ရန် ဒီဂျစ်တယ်စနစ် သုံး Mobile Financial Payment ဝန်ဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၀)၊ ကျေးရွာ(၃၅)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကျေးရွာများ တွင် တိုးပွားလာသည့် အတိုးရငွေများဖြင့် ကျေးရွာများအတွက်လိုအပ်သည့် လမ်း၊ တံတား၊ ရေပေးရေး၊ ဆိုလာမီးလင်းရေး၊ လျှပ်စစ်မီးလင်းရေး၊ အခြားဖွံ့ဖြိုးရေလုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ယနေ့အချိန်ထိ စီမံကိန်းလုပ်ငန်းပေါင်း(၁၂၅၁)ခု ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုကြောင်း၊ ယနေ့သုံးသပ်ဆွေးနွေးပွဲတွင် အဖွဲ့(၅)ဖွဲ့ခွဲ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ၏ အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များကို ဆွေးနွေးသုံးသပ်ကြမည်ဖြစ်ပြီး အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်” တိုက်တွန်းအမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြပထမဆု ရရှိသော မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာလုပ်ငန်းအဖွဲ့၊ စံပြဒုတိယဆုရရှိသော အိမ်မဲမြို့နယ်၊ အစုကြီးကျေးရွာလုပ်ငန်းအဖွဲ့၊ စံပြတတိယဆုရရှိသော ဟင်္သာတမြို့နယ် ရွှေမန်းလွင်ကျေးရွာလုပ်ငန်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ဆုများချီးမြှင့်ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်အလိုက်ခင်းကျင်းပြသထားသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ MSME ထုတ်ကုန်များ၊ အခြားအသက်မွေးလုပ်ငန်းများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

27-May-2025