ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်တွင်ပြုလုပ်သော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးပွဲတက်ရောက်၊ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများအား ကြည့်ရှုအားပေး

ပုသိမ် မေ ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးပွဲအခမ်းအနားနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံ နေမှုများကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ သဘော့ချောင်းကျေးရွာတွင် တောင်သူဦးသက်ပိုင်စိုး၏ မိုးစပါးစိုက်ဧက(၄)ဧကတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရေး၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်လာမှု၊ ဓာတ်မြေဩဇာများလျော့ချသုံးစွဲနိုင်မှု၊ အထွက်နှုန်းတိုးတက်လာမှုများအား နှစ်အလိုက်မှတ်တမ်းများထားရှိရန်နှင့် သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်၊ ဒါးက အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းအပ်လက်ခံနေမှုများအား ကြည့်ရှုအားပေးကာ ဆရာ၊ဆရာမများအား စာသင်ဆောင်များကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ မိုးတွင်းကာလ သွေးလွန်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေးကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့သည်။

အလားတူ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကော ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ရွာသစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ‌ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများအား ကြည့်ရှုအားပေးကာ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေးကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူဦးမိုးဝင်း၏ မိုးစပါးစိုက်ဧက(၅)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းစိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်၍ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ရေတော်မိုးတော် မိုးစပါးစိုက်ဧကအားလုံး ပိုက်ဆံလျှော်ထည့်သွင်းစိုက်သွားမှာဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မျိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်လျက်ရှိရာ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ ကြဲခင်းစနစ်ပပျောက်ရေးနှင့် အထွက်နှုန်းကောင်းသော စပါးမျိုးကောင်းမျိုးသန့်များစိုက်ပျိုးရေး ဆွေးနွေးပြောကြားကာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းမြေမြုပ်ခြင်းအား ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေတော်မိုးတော်စိုက်ဧကအားလုံးတွင် စိုက်ဧက(၂၇)သိန်းကျော်ရှိပြီး မိုးစပါးစိုက်ပျိုးရာသီအမီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များကို ထည့်သွင်းစိုက်ပျိုးနိုင်‌ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ တောင်သူများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

25-May-2025