ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်ခြင်းနယ်မြေများထူထောင်ခြင်း အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်ခြင်းနယ်မြေများထူထောင်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်မှ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ပုဒ်တစ်ခုဖြစ်သည့် နှလုံးရောဂါကင်းဝေးရေး ဆေးလိပ်ကွမ်းယာရှောင်ကြဉ်ပေး ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဆေးလိပ်ငွေ့ ကင်းစင်နေရာများ ဖော်ထုတ်ရေးလုပ်ငန်းစဉ်သည် အဆုံးမဟုတ် အစမျှသာဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ အစစအရာရာ အဆင်ပြေပြီး အောင်မြင်မှုရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဆက်စပ်သော ဌာနအသီးသီးမှလည်း မိမိတို့၏ တာဝန်ယူရမည့်အပိုင်းကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထက်အောက်လယ်ဟူသော အဆင့်တိုင်းမှာ ဟန်ချက်ညီညီ လက်တွဲညီစွာဖြင့် ကွန်ယက်သဖွယ် ဖြန့်ကျက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့်ပတ်သက်သည့် ပြခန်းငယ်အား ကြည့်ရှုခဲ့ပါသည်။

12-Jun-2018