ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျန်းမာရေးဆိုင်ရာ စံပြအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၈.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျန်းမာရေးဆိုင်ရာ စံပြအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြုစုထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြအချက်အလက်များ စာအုပ်သည် ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များအနက် အဓိကလုပ်ငန်းတစ်ရပ်ဖြစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် အဆိုပါစာအုပ်အား လက်ကိုင်ပြုပြီး ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာအုပ်ပါအချက်အလက်များကို မိသားစုအတွင်းနှင့်ပတ်ဝန်းကျင်များသို့ တစ်ဆင့်စကားဖြင့် ဖြန့်ဝေပေးသွားခြင်းဖြင့် မိုးရာသီတွင်ဖြစ်ပေါ်နိုင်သည့် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ (၂၀၁၇)ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၀၂၈)ဦးရှိပြီး (၃၃)ဦးသေဆုံးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလ (၃၁)ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၁၂)ဦးရှိခဲ့ပြီးဖြစ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကာကွယ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများသာမက ပြည်သူလူထုတစ်ရပ်လုံးမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို လျော့ချနိုင်မည်ဖြစ်ပြီး ရောဂါကြောင့်သေဆုံးမှုကို လျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားတွင် ခင်းကျင်းပြသထားသော မှတ်တမ်းဓာတ်ပုံများ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် အသုံးပြုထားသော ဆေးဝါးများနှင့်ပစ္စည်းကိရိယာများအား လိုက်လံကြည့်ရှုခဲ့ပါသည်။

11-Jun-2018