ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ အုပ်စုတွင်တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအားကြည့်ရှုစစ်ဆေး

ပုသိမ် ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ် တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးရင်ပြင်တော် အနုတ် 12 Level တည်ဆောက်ပြီးစီးမှု၊ တောင်အရပ် အရုဏ်ခံတန်ဆောင်း ဆောက်လုပ်နေမှု၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ရေးလုပ်ငန်းများ၊ ပြုပြင်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများ၊ သာသနာ့ဝံသကျောင်းဆောင် သာသနာ့ဗိမာန်တော် တည်ဆောက်နေမှု၊ သာသနိကအဆောက်အဦးများ တိုးချဲ့တည်ဆောက်ပြီးစီးမှုများ၊ သာသနိက အဆောက်အဦ များတွင် မြန်မာမှုလက်ရာများဖြင့် ထည့်သွင်းတည်ဆောက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တာ၀န်ရှိသူများ၏တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကဆုန်ညောင်ရေသွန်းပွဲတော်မတိုင်မီ စေတီတော်မြတ်ကြီး၏ရင်ပြင်တော်နှင့် ပရဝုဏ်အတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သာသနိက အဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲ စေရေး၊ လေဒဏ်မိုးဒဏ်ခံနိုင်စေရေး၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ် ရေဝပ်မှုမရှိစေပဲ ရေဆင်း ကောင်းမွန်စေရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊ မိုးရာသီတွင် အရိပ်ရ လေကာပင် ပန်းအလှပင်များစိုက်ပျိုးရေး၊ စေတီတော်ကြီးပရဝုဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ် မှုရှိစေရေး၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်တင်စွန်းရေလှောင်တမံ ရေပိုမို သိုလှောင်နိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက မော်တင်စွန်းရေလှောင်တမံ၏ တည်နေရာ၊ နယ်နိမိတ်နှင့် မြေမျက်နှာသွင်ပြင် အခြေအနေ၊ မော်တင်စွန်းရေလှောင်တမံ(မိုးရေလှောင်ကန်)နှင့် ရေသိုလှောင်ထားရှိမှု အခြေ အနေ၊ ရေချိုပိုမိုသိုလှောင်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မော်တင်စွန်းရေလှောင်တမံသည် ဘုရားပွဲတော် ကျင်းပ ချိန်တွင် မြန်မာနိုင်ငံအဝှမ်း ဒေသအနှံ့အပြားမှ လာရောက်ဖူးမြော်သော ရဟန်းရှင်လူပြည်သူ အများ ရေချိုသုံးစွဲရန်အတွက် အဓိကအားထားရသော ရေလှောင်တမံငယ် တစ်ခုဖြစ်သော ကြောင့် ဘုရားဖူးပြည်သူအများ ရေချိုပြည့်စုံစွာ အသုံးပြုနိုင်ရန်အတွက် ရေချိုပိုမိုသိုလှောင် နိုင်ရန်လိုအပ်ကြောင်း၊ မိုးရာသီမတိုင်မီ လုပ်ငန်းအားလုံးပြီးစီးအောင် အလေးထားဆောင်ရွက် သွားကြရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်တင်စွန်းကျောင်းတိုက် ဆရာတော်အား ဖူးမြှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများ၊ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ "တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၊ မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေး၊ ပန်းပေါင်းဝေဆာပြီး စိမ်းလန်းစိုပြေသည့် ဒေသများဖြစ်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြတ်မော်တင်စေတီ တော်မြတ်ကြီးရင်ပြင်နှင့် ဘေးပတ်ဝန်းကျင် များ သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘုရားဖူး ဧည့်သည်များ လာရောက်ဖူးမြှော်လျက်ရှိရာ သန့်ရှင်းမှုကိုအလေးထားဆောင်ရွက်ရန် လိုအပ်ပြီး အမှိုက်များစွန့်ပစ်နိုင်ရန်အတွက် အမှိုက်ပုံးများ စနစ်တကျစီစဉ်ထားရှိရမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများမြန်မာမှုလက်ရာများ ကောင်းမွန်သပ်ရပ်မှုရှိစေရေး၊ အရည်အသွေး ပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် လုပ်ငန်းခွင် သန့်ရှင်း သပ်ရပ်မှု ရှိစေရေးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး ၏ သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အားလုံးဝိုင်းဝန်း ထိမ်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" မှာကြားခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်း၍ စေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်ဆေးကြော သန့်စင်ခြင်းနှင့် ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေး ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် စေတီတော်ကြီး၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာရှိ တောင်သူ ဦးသောင်းလှိုင်၏ လယ်မြေ(၃)ဧကနှင့် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ငရုတ်ကောင်းတောင်ကျေးရွာရှိ တောင်သူ ဦးသိန်းဇော်၏ လယ်မြေ(၅)ဧကတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားများသို့တက်ရောက်ခဲ့ပြီး တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များပေးအပ်ကာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့များစုပေါင်းကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်း ဆောင်ရွက်နိုင်ရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များအား မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

27-Apr-2025