ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြောင်းလူငယ်အခြေခံ / တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ

ပုသိမ် ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်သို့ သွားရောက်၍ ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မောင်တို့မယ်တို့ လူငယ်များသည် အနာဂတ်နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျှက်ရှိရာ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း၊ ရေကြောင်းလူငယ်သင်တန်း၊ အဆင့်မြင့်အားကစားသင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် ဝါသနာကိုအရင်းခံ၍ တက်ရောက်နေကြသူများဖြစ်ပါကြောင်း၊ လူငယ်မောင်မယ်များကလည်း နည်းပြဆရာများ၏ သွန်သင်ဆုံးမှုများကို စနစ်တကျလိုက်နာ၍ ထူးချွန်အောင်ကြိုးစားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အ နေဖြင့် မိမိတို့မျှော်မှန်းထားသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်အသီးသီးတွင် အောင်မြင်သည့်လူငယ်များဖြစ်ကြ၍ နိုင်ငံ တော်နှင့် တိုင်း ဒေသကြီးအတွက် အားထားရသည့် ဗလငါး တန်နှင့်ပြည့်စုံ သည့်လူငယ် မောင်မယ်များဖြစ်ကြပါစေကြောင်း” အမှာစကားများပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ချီး မြှင့်ငွေများပေးအပ်ခဲ့ကာ သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးနုတ်ဆက်ခဲ့ပါသည်။ ဟိုင်းကြီးကျွန်းမြို့၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင်ဖွင့်လှစ်သည့် ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)တွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၆၅)ဦးတက်ရောက်သင်ကြားလျက်ရှိပြီး ရေကြောင်းလမ်းညွှန်ဘာသာရပ်၊ ဆက်သွယ်ရေးဘာသာရပ်၊ လှေလှော်ရွက်တိုက်ဘာသာရပ်၊ ကြိုးချည်ကြိုးထိုးဘာသာရပ်၊ ရေတပ်သားဘာသာရပ်နှင့် ရေကူးဘာသာရပ်များကို ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်းကောင်းမွန်ရေးအတွက် ဟိုင်းကြီး ချောင်းအဝတွင် နုန်းအနည်အနှစ်များကျရောက်ခြင်းမှကာကွယ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည့် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်နေမှုအခြေအနေအားသွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ဟိုင်းကြီးကျွန်းမြို့အဝင် သန့်ရှင်းသာယာလှပအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ အဆိုပါနုန်းတားကျောက်စီလှိုင်းကာတည်ဆောက်ပေးခြင်းအားဖြင့်ဟိုင်းကြီးချောင်းအဝတွင် အနည်ကျရောက်မှုကိုတားဆီးပေးနိုင်မည့်အပြင်ဟိုင်းကြီးချောင်းအတွင်းရေစီးရေလာပိုမိုကောင်းမွန်လာပြီး ရေယာဥ်များဘေးအန္တရာယ်ကင်းစွာဝင်ထွက်သွားလာနိုင်မည်ဖြစ်ပါသည်။