ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ကန်သုံးဆင့်ပန်းခြံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပုသိမ် ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီ ခန်းမ၌ ကျင်းပပြုလုပ်သော အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက “ အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေး ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အနာဂတ် အတွက် ခေါင်းဆောင်များဖြစ်လာမည့် လူငယ်မောင်မယ်များ ပညာရည်မြင့်မားပြီး ဘက်စုံထူးချွန် ထက်မြက်လာစေဖို့ ကျောင်းသင်ခန်းစာများသာမက အခြားသော အသိပညာ၊ အတတ်ပညာ ဗဟု သုတများ တိုးပွားလာစေရေးအတွက် ယခုလိုသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လေကြောင်းလူငယ်သင်တန်းတွေကို လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသ သိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကိုတတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မား ပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှုအလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက်သစ် လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့်နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းသမိုင်းနှင့် လေကြောင်းလူငယ်သမိုင်း၊ လေယာဉ် ပျံသန်းမှု အခြေခံသဘောတရား၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ RC Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်မဲ့)၊ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် တပ်မတော် သမိုင်းကြောင်း ဘာသာရပ်များကို တစ်လကြာစာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် လေကြောင်းဆိုင်ရာ အခြေခံပညာရပ်တွေကို တတ်မြောက်သိရှိနားလည်စေရေး ကြိုးစားသင်ယူကြရန်၊ သင်တန်းမှချမှတ်ထားသော စည်းကမ်း တွေကိုလိုက်နာပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော် အတွက်အားထားရသည့် သားကောင်းသမီးကောင်းရတနာများဖြစ်စေရေး ကြိုးစားသွားကြရန်”အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လေကြောင်းလူငယ်သင်တန်းအတွက် ချီးမြှင့်ငွေနှင့်သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတွင ်ပြသထားသော သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားသင်တန်းသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သုံးဆင့်အပန်းဖြေဥယျာဉ် ကန်ပတ်လမ်းတစ်လျောက် သန့်ရှင်းသာယာလှပရေး၊ ပန်းအလှပင်နှင့်မြက်ပင်များ စိမ်းလန်း စိုပြေရေးဆောင်ရွက်နေမှု၊ ကန်သုံးဆင့်ရေကန် (၁၃၀၀ပေ× ၃၀၀ပေ× ၃ပေ) ဧရိယာ တူးဖော် နေမှုနှင့် (၁၄၀၀ပေ× ၄၀ပေ× ၆ပေ) တာဘောင်တိုးချဲ့ဧရိယာ လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကန်သုံးဆင့်အပန်းဖြေဥယျာဉ် အပိုင်း(၂)အား ဆက်လက်အကောင်အထည်ဖော်ရေး၊ ကန်ပတ်လမ်း တစ်လျောက်အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများ ထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ မြတ်ခင်းများစိမ်းလန်းစိုပြေစေရေး၊ တိုးချဲ့တာဘောင် အား ပုံစံတကျဆောင်ရွက်၍ မြက်စိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ ပန်းခြံစိမ်းလန်းစိုပြေရေး အတွက် သစ်ပင်ပန်းပင်များ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် ကာလအတွင်းနှင့် မိုးကာလမရောက်မီ လုပ်ငန်းများပြီးပြတ်စေရေးတိုကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

22-Apr-2025