တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင် မြေငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက လှူဒါန်းပေးပို့နိုင်ရန် စုပေါင်းသွေးလှူဒါန်းနေမှုများအား သွားရောက်တွေ့ဆုံအားပေး၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်

ပုသိမ် ဧပြီ ၂
မြေငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက လှူဒါန်းပေးပို့နိုင်ရန် စုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ပြည်သူ့ ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင် မြေငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက လှူဒါန်းပေးပို့နိုင်ရန် သွေးလှူဒါန်းကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပြည်သူများကိုတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ၎င်းအခမ်းအနားတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပြည်သူစုစုပေါင်း (၂၆၃)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး အဆိုပါ သွေးများကို ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် အင်အား ၇.၇ ရစ်(ခ်)တာစကေးရှိ အင်အား အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြေပြိုခြင်း၊ အဆောက်အဦပြိုကျခြင်း၊ နေအိမ်များထိခိုက်ပျက်စီးခြင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်များပေးနိုင်ရန်နှင့် အရေးပေါ်လိုအပ်သည့်သွေးများ ထောက်ပံ့ပေးအပ် နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။