ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မြန်မာနိုင်ငံအတွင်း ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အင်အား အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မြန်မာနိုင်ငံအတွင်း ပြင်းအား ၇.၇ရစ်(ခ်) တာစကေးရှိ အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ(၁၂:၅၁) မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်၂၀ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလို မီတာခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ရှားခဲ့ပြီး အဆိုပါမြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားခဲ့ရပြီး သဘာဝ ဘေးဒဏ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ယင်းတိုင်းဒေသကြီး/ပြည်နယ်(၆)ခုရှိ ငလျင်ဘေးဒဏ် သင့်သည့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကကြေညာခဲ့ပါကြောင်း၊ အဆိုပါထိခိုက်ခံစားခဲ့ရသည့်ဒေသများ၌ ပျက်စီး ဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောလျင်စွာဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးအတွက်လည်း နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူ ခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် (၃၁-၃-၂၀၂၅)ရက်နေ့မှ (၆-၄-၂၀၂၅)ရက်နေ့အထိ (၇)ရက်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သတ်မှတ် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံး အတိုင်းအတာလှုပ်ရှားမှုအဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ၁ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁မိနစ် ၀၂ စက္ကန့်တွင်သတ်မှတ်အစီအစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေငလျင်လှုပ်ခတ် မှုကြောင့် ဘေးသင့်ဒေသများရှိပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲအခမ်းအနားများ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ပြုလုပ်လျက်ရှိရာမိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ယခုကဲ့သို့ အလှူငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီးရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ စေလွှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ (၁၂း၅၁)မိနစ်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအတွက် ယခုလို အလှူငွေပေးအပ်ပွဲအခမ်းအနားများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် (၆)ခု၌ ဖြစ်ပွားခဲ့သော မြေငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူငွေများပေးအပ်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့တို့မှ ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ အလှူငွေ ပေးအပ်ပွဲအခမ်းအနားကိုပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုကပေးအပ်သော အလှူငွေများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တရားရေးရာမိသားစု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်တို့၏ အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များသည် (၂၈.၃.၂၀၂၅)ခုနှစ်၊ မြန်မာစံတော်ချိန်(၁၂)နာရီ (၅၁)မိနစ် (၀.၂)တွင် ၇.၇ရစ်(ခ်)တာစကေးရှိ အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ် မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခဲ့ကြပြီးနောက် လှူဒါန်းပွဲကိုဆက်လက်ပြုလုပ်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် စေတနာရှင်အလှူပြည်သူများက အလှူငွေ၊ ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက်များကို လှူဒါန်းခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များမှ ငွေသားနှင့် ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက်ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်းပေါင်း (၄၅၈၂) သိန်းကျော် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာ လှုပ်ရှားမှု အဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် တစ်ပြိုင်နက်ပြုလုပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများအားလုံးမှ နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ လွှင့်ထူထားသော အလံတိုင်ရှေ့တွင် ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း၊ လှုပ်ရှားသွားလာ နေသူများအနေဖြင့် ၎င်းအချိန်တွင် တစ်မိနစ်ငြိမ်သက်စွာရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း၊ မော်တော်ယာဉ်များအနေဖြင့် ၎င်းအချိန်တွင် ဥဩဆွဲဂါရဝပြုခြင်း၊ သက်ဆိုင်ရာ ကိုးကွယ်ရာ ဘာသာအလိုက် ဘုရားစေတီများ၊ ဘုရားကျောင်းများ၊ ဝတ်ပြုနေရာများတွင် ဆုတောင်းမေတ္တာ ပို့သခြင်း၊ အန္တရာယ်ကင်းပရိတ်များ၊ ဆုတောင်းစာများ ရွတ်ဆိုခြင်းနှင့် အမျှအတန်းပေးဝေခြင်း တို့ကို တစ်ပြိုင်နက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

01-Apr-2025