ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာတွင်ပြုလုပ်သည့် ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူ ဒေါ်ရီရီမြင့်၏ စိုက်ဧက(၃.၇၅)ဧကတွင် (Super Sun-41 ) ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ တောင်သူလယ်သမားနေ့ အခမ်းအနားများကို ယခုအခမ်းအနားကျင်းပသည့် ဝါးဒူးကွင်းတွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး စံပြစိုက်ကွင်းများကိုလည်း ပြင်ဆင်ဆောင်ရွက်စိုက်ပျိုး ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း နေကြာအောင်မြင်ဖြစ်ထွန်းရန်အတွက် ကြိုးစားဆောင်ရွက်ခဲ့ပြီး ယနေ့တွင်စံကွက်ရိတ်သိမ်းနိုင်ခဲ့ပါကြောင်းနှင့် ဒေသခံတောင်သူဦးကြီးများကိုလည်း ပြသခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးရာတွင် တစ်နှစ်ထက် တစ်နှစ် ပိုမိုအောင်မြင်ထွန်းလာသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် နေကြာစိုက်ပျိုး ရာတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိသည့် ဒေသများရှိသော်လည်း မရောက်ရှိသေးသည့် ဒေသများလည်းကျန်ရှိနေပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည့်အပြင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ်အစရှိသည့် ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် အောင်မြင်စေရေး အတွက် တာဝန်ရှိသူအားလုံးနှင့် တောင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်းဖော်ထုတ်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း”အမှာစကားပြောကြားသည်။ ထို့နောက် ကန်ကြီးထောင့်မြို့နယ်အတွင်းမှ နေကြာစိုက်တောင်သူတစ်ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးတို့က နေကြာစိုက်ပျိုးမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျဆောင်ရွက်ခဲ့မှု၊ သွင်းအားစုများအချိန်ကိုက်ထည့်သွင်းမှု စသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် တိုင်းဒေသကြီး ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးခြင်းများအား ပိုမိုဖြစ်ထွန်းအောင်မြင်စေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် အတူ နေကြာစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ (Super Sun-41 ) နေကြာဆီထွက်သီးနှံဆောင်းနေကြာစံပြကွက်အား (၀.၁၀) ဧက စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် အစို (၆၅.၈၅) တင်း၊ အခြောက် (၅၈.၉) တင်း ထွက်ရှိ ခဲ့ကြောင်းသိရသည်။

01-Apr-2025